
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သန်းနုတောရွာကို စစ်ကောင်စီတပ်က ဇွန် ၁၅ ရက်၊ နေ့လယ် ၂ နာရီ ၁၅ မိနစ်လောက်မှာ စက်တပ်လေထီးယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၅ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သန်းနုတောရွာသား အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ကျည်စ ထိမှန်ခဲ့ပြီး အမျိုးသမီး ၂ ယောက်ကတော့ စိုးရိမ်ရကာ နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ သန်းနုတောရွာသားတယောက်က ပြောပါတယ်။
ဒါ့အပြင် စာသင်ကျောင်းအနီးဝန်းကျင်ကို ဗုံးကြဲချခဲ့တာဖြစ်လို့ စာသင်ကျောင်း အဆောင်တွေလည်း ပျက်စီးခဲ့သလို လူနေအိမ် ၂ လုံးနဲ့ စပါးကျီ တလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သန်းနုတောရွာသားက ပြောပါတယ်။
အဆိုပါ စက်တပ်လေထီးယာဉ်ဟာ ပခုက္ကူ တပ်မ ၁၀၁ ကနေ တက်လာပြီး သန်းနုတောရွာကို ဗုံးသီးချသွားတာလို့လည်း ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။
အဲရွာနဲ့ အနီးနားမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဆေးသင်တန်းဆင်းပွဲရှိတဲ့ သတင်းပေါက်လို့ လာကြဲချသွားတာဖြစ်နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။
သန်းနုတောရွာအနီးနေ ဒေသခံတယောက်က “ကျနော်တို့အရပ်သားတွေ အနေနဲ့ကတော့ ဘာကြောင့်ချချ ကျနော်တို့အရပ်သားတွေကို မထိခိုက်စေချင်ဘူး။ သူတို့လက်နက်ကိုင်အချင်းချင်း ပစ်ကြခတ်ကြမယ်ဆိုရင် ထိပ်တိုက်ချကြပေါ့။ အခုဟာက အရပ်သား ဆိုတာ လက်နက်ကိုင်တဲ့ ဘယ်အဖွဲ့မဆို ကြောက်ရတာပဲ။ သူတို့ လေယာဉ်နဲ့ ဗုံးကြဲလည်း PDF ရဲဘော်တွေက စစ်သင်တန်းတွေ တက်ထားကြတာ။ လက်နက်က ဘယ်လိုလာရင် ဘယ်လို ရှောင်ရတိမ်းရမယ်ဆိုတာ သူတို့အကုန်သိတယ်။ မသိတာက ပြည်သူဗျ”လို့ ပြောပါတယ်။
သန်းနုတောရွာဟာမြိုင်မြို့ရဲ့ အနောက်မြောက်ဘက် ၅ မိုင်ခွဲလောက်အကွာမှာရှိပြီး အိမ်ခြေ ၁၅၀ လောက်ရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။