
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ ဇွန် ၁၄ ရက်က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ၄ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရသွားတယ်လို့ ပဲခူးခရိုင်ပကဖ ဆီကနေ သိရပါတယ်။
မနက် ၁၀ နာရီခွဲဝန်းကျင်နဲ့ ညနေ ၄ နာရီခွဲကျော်မှာ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိမှန်သေဆုံးတာလို့ ဆိုပါတယ်။
ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့က အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ တပ်ရင်းဖြစ်တဲ့အမှတ် (၃၀၇) ခြေမြန် တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပဲနွယ်ကုန်းမြို့၊ သတိပဋ္ဌာန်ရပ်ကွက် ရွှေချောင်းရွာထဲကို ကျရောက်ပေါက်ကွဲပြီး မစုမွန်လှိုင် (၂၈) နှစ်နဲ့ မောင်စစ်သွေးသူရပိုင် (၆) နှစ်တို့ ပွဲချင်းပြီး သေဆုံးသွားကာ ဦးကျော်သူရ (၄၆) နှစ်ကတော့ ဒဏ်ရာ ပြင်းထန်ဒဏ်ရာရသွားပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူတို့ဟာ မိသားစုဝင်တွေ မဟုတ်ပါဘူးလို့ ပဲခူးခရိုင်ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“သေဆုံးဒဏ်ရာရသူတွေကို ဝိုင်းဝန်းပို့ဆောင်ကူညီရတာပေါ့။ နေအိမ်ပျက်စီးမှု သိပ်မဖြစ်သွားဘူး။ အဲဒီအနီးအနားကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာ၊ တိုက်ပွဲဖြစ်တာမရှိဘူး။”
အဲဒီနေ့ ညနေ ၄ နာရီခွဲကျော်လောက်မှာ ပိန်းဇလုပ်မြို့ အခြေစိုက် အမှတ် (၂၆၄) ခြေမြန်တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ထပ်ပစ်လို့ ကျောက်တံခါးမြို့နယ်၊ တောင်ခင်အုပ်စု၊ နွားရေချောင်းကျေးရွာထဲကျပြီး ဒေါ်မြခင် (၆၅)နှစ်၊ ကိုစိုးသူ (၃၉) နှစ်တို့ သေဆုံးသွားပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် လူထိခိုက်သေဆုံးတာတွေ ရှိနေလို့ ထပ်ပစ်မှာ စိုးရိမ်နေရတယ်လို့ ဒေသခံက ပြောပါတယ်။
ကျောက်တံခါးမြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် လူ အယောက် ၂၀ ကျော် သေဆုံးပြီး အယောက် ၅၀ နီးပါး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။