
တိုက်လေယာဉ်ပျက်ကျခဲ့တဲ့ ပုလဲမြို့နယ်၊ စပါးစေ့ရွာနဲ့ မင်းတိုင်ပင်ရွာကို စစ်တပ်က ဇွန် ၁၄ ရက် မနက်ပိုင်းကစပြီး လေကြောင်းကနေ ဗုံးကြဲတာကြောင့် ပြည်သူတွေရဲ့အိမ်တွေ ပျက်စီးခဲ့ပြီး တော်လှန်ရေးရဲဘော်တယောက် ကျဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်ရဲ့ လေယာဉ်ပျက်ကျပြီးတဲ့ အချိန်ကစလို့ အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ စပါးစေ့ရွာက ပြည်သူတွေဟာ ရွာအတွင်းမှာ မနေကြတော့ဘဲ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတာကြောင့် ထိခိုက်တာတော့ မရှိဘူးလို့ဆိုပါတယ်။
မင်းတိုင်ပင်ရွာကတော့ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး အဲဒီရွာတွေအနီးတဝိုက်ကို လေယာဉ်နဲ့ ၄ ကြိမ် လာရောက်ဗုံးကြဲခဲ့တာပါ။
စပါးစေ့ရွာသားတယောက်က “မင်းတိုင်ပင်ရွာကို ချတဲ့အချိန်နဲ့ တချိန်တည်းချသွားတာ။ သူတို့လေယာဉ်နဲ့ ဗုံးချသွားတဲ့ နေရာအများစုက အများပြည်သူ သွားလာနေတဲ့ ကားလမ်းမဘေးတွေနဲ့ ရွာတွေထဲကို ကြဲချသွားတာဗျ။ ကျနော်တို့ စပါးစေ့ရွာကိုတော့ ရွာထဲကို ဗုံးသီးတလုံး ကြဲချသွားတယ်။ ဦးဝင်းမောင် အိမ်ရဲ့ နေအိမ်ကတော့ အတော်ပျက်စီးသွားတယ်။ ကျန်တဲ့ လူနေအိမ်အများအပြားလည်း ကျည်စထိမှန်ပြီး အမိုး၊ အကာတွေလည်း ပျက်စီးတယ်ဗျ” လို့ ပြောပါတယ်။
စပါးစေ့ရွာဟာ ဇွန် ၂ ရက် မနက်ပိုင်းကစလို့ ဇွန် ၁၄ ရက်အထိ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ကန့်ဒေါင့်ရွာနဲ့ ၈ မိုင်လောက်ဝေးကွာသလို စစ်တပ် အထိုင်ချတပ်စွဲနေတဲ့ ပုလဲမြို့ရဲ့ တောင်ဘက် ၂ မိုင်ခွဲလောက်မှာ တည်ရှိပါတယ်။
ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ သခင်ဒေါင်းညိုက “စပါးစေ့ရွာကိုလည်း စစ်တပ်က ဗုံးကြဲသလို မင်းတိုင်ပင်ရွာလည်း ဗုံးကြဲတယ်ဗျ။ စပါးစေ့ရွာကတော့ အပျက်အစီးအိမ် ၁ လုံးပါ။ မင်းတိုင်ပင်ရွာထဲကိုတော့ ဗုံးသီး ၄ လုံးကြဲချတယ်။ ကြဲချတဲ့နေရာက ရွာအနောက်ပိုင်းနဲ့ ရွာအရှေ့ပိုင်းကို အဓိကထား ဗုံးကြဲသွားတာဗျ။ ကျန်တဲ့နေရာတွေလည်း ဗုံးကြဲချပါတယ်။ ကျန်တဲ့ ဗုံးချတဲ့နေရာတွေက လူမရှိတော့ သိပ်ပြီး စိုးရိမ်စရာ မရှိခဲ့ဘူး။ ရွာထဲကြဲတဲ့ ဗုံးသီးက လူနေအိမ်တွေပါ မီးလောင်ပြီး ပျက်စီးခဲ့တယ်ဗျ။ မီးလောင်လို့ ပျက်စီးတဲ့အိမ်က ၅ လုံး၊ ပျက်စီးမှုအများဆုံးဖြစ်တဲ့ အိမ်က ၆ လုံးဗျ။ အသေးစား ပျက်စီးတဲ့အိမ်ကတော့ များတယ်ဗျ။ အဲဒီအသေးစားအိမ်တွေကိုတော့ စာရင်းမပြုစုထားရသေးဘူးဗျ။ လူတဦးကတော့ ဗုံးကျည်စ ထိမှန်လို့ ခြေထောက်ဖြတ်ပစ်ရမယ် ထင်တယ်ဗျ။ အသက်က ၄၀ ၀န်းကျင်လောက် ရှိလိမ့်မယ်ဗျ။ ကျနော်တို့ရွာသားတွေ ကူညီပြီး ရွာအပြင်ထုတ်နေချိန် စစ်တပ်က လေယာဉ်နဲ့ နောက်ထပ် တကြိမ်လာပစ်လို့ ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တယောက်လည်း ကျည်စ ထိမှန်သေဆုံးခဲ့ရပါတယ်” လို့ ပြောပါတယ်။
မင်းတိုင်ပင်ရွာကို ပြီးခဲ့တဲ့ဇွန် ၆ ရက်နေ့ကလည်း အခုလို လေယာဉ်နဲ့ဗုံးကြဲလို့ ကျောင်းဆောင်နဲ့ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရသလို ပြည်သူတယောက်လည်း ကျည်စထိမှန် သေဆုံးခဲ့ရပါတယ်။