
မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာ ကင်းယူပေးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန် ၁၂ ရက်က စစ်ဘေးရှောင်အမျိုးသမီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်) ဆီကနေ သိရပါတယ်။
အဖွဲ့တာဝန်ခံက “ကမ္မ-ရေပြာလမ်းပိုင်းမှာ ကင်းယူထားတဲ့စစ်သားနဲ့ပျူတွေက ပခုက္ကူနဲ့ မြိုင်နယ်အစပ်မှာရှိတဲ့ သစ်ပုလွေကုန်းရွာနားအထိရောက်အောင် စစ်ကြောင်းထိုးပြီးတော့ အဲဒီရွာကို အင်းဘတ်ရွာကနေ စစ်ဘေးလာရှောင်နေတဲ့တောတိုက်ထဲက အသက် ၄၀ ကျော် အမျိုးသမီး ၁ ယောက်ကို ထွက်ပြေးလို့ဆိုပြီး ပစ်သတ်သွားတာပါ။ အဲဒီအနီးဝန်းကျင်ရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်ထက်မနည်းပစ်ခဲ့ပါသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် သစ်ပုလွေကုန်းကျေးရွာအပါအဝင် အနီးအနား ကျေးရွာတွေဖြစ်တဲ့ သာစည်ကျေးရွာနဲ့ နှမ်းဆီကန်ကျေးရွာက ထောင်ချီတဲ့ဒေသခံပြည်သူတွေဟာလည်း တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။
ပြီးတော့ စစ်တပ်ရဲ့ လက်နက်ကြီးကျည်ဟာ သံဘိုကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အိမ်တွေပျက်စီးခဲ့သလို ခိုင်းနွားတွေလည်း ထိခိုက်သေဆုံးခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။
အခု ဇွန်လဆန်းပိုင်းကတည်းက ပခုက္ကူတပ်မ ၁၀၁ ကနေ ကားအစီး ၁၀၀ ကျော်၊ စစ်သားနဲ့ ပျူအင်အားပေါင်း ၅၀၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို လုံခြုံရေးယူဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကမ္မ-ရေပြာလမ်းပိုင်းပေါ်မှာ ကာကင်းစခန်းတွေ ပြုလုပ် အထိုင်ချနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ပခုက္ကူလူထုတိုက်ပွဲကော်မတီတာဝန်ခံ ကိုစိုးထွဋ် က “ပခုက္ကူနဲ့ ပေါက်မြို့နယ်ကြားက ကမ္မအပြင် ရေမျက်၊ ညောင်ပင်လှ၊ ညောင်ဂျစ်ပင်၊ ပြည့်အိုင်၊ ရွှေလှံရွာတွေအပြင် အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူ ၂၀,၀၀၀ လောက်ထွက်ပြေးနေကြရတာ ၁၀ ရက်လောက်ရှိနေလို့ တော်တော်လေးအဆင်မပြေကြတော့ဘူး။ စစ်ကြောင်းရှိနေသေးလို့လည်း သူတို့တွေ ရွာတွေထဲကို ပြန်မဝင်နိုင်ကြသေးဘူး။ မိုးထဲရေထဲ နွားစာကအစ အခက်အခဲတွေဖြစ်နေကြတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတွေအတွင်း ဝင်ရောက်မွှေနှောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားတာတွေရှိသလို စစ်ဘေးရှောင်စခန်းတွေလည်းစီးနင်းခံရပြီး စစ်ဘေးရှောင် သံဃာတော်တွေနဲ့ ပြည်သူတချို့ကို ဖမ်းဆီးသွားသေးတယ်လို့ စစ်ဘေးရှောင်အရေး ကူညီ ဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။