
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တဲကြီးရွာကို ဇွန် ၁၄ ရက်ညမှာ လေကြောင်းကနေ ဗုံးကြဲလို့ ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး အိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တဲကြီးရွာဟာ အိမ်ခြေ ၁၀၀ နီးပါးရှိတဲ့ရွာဖြစ်ပြီး ည ၇ နာရီခွဲကျော်မှာ ဗုံးကြဲတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရွာကို ဗုံးမချသေးခင် ကောင်းကင်ပေါ်ကနေပတ်ပြီး လှည့်ပျံနေတာ။ သူတို့ အဲလိုပျံနေတာကို လုံခြုံတဲ့နေရာကို ဝင်ပုန်းနေကြရတယ်။ ခဏနေတော့ အုန်းဆိုတဲ့ ပေါက်ကွဲသံ ကြားလိုက်ရတယ်။ မြေကြီးတွေပါ တုန်ခါသွားတယ်။ သူတို့ချသွားပြီး ရွာထဲက လူနေအိမ်တွေ ပျက်စီးနေတာကို တွေ့ရတယ်။ နောက်ပြီး ဗုံးစမှန်လို့ အမျိုးသမီး ၂ ဦး ဒဏ်ရာရတာလည်း တွေ့ရတယ်ဗျ။ အသက်အန္တရာယ်အတွက်တော့ မစိုးရိမ်ရပါဘူး။ နောက်ထပ် ဗုံးလာပြီးကြဲဦးမယ် ဆိုတဲ့ သတင်းတွေ တက်နေလို့ ရွာထဲမနေရဲဘဲ လွတ်ရာကို ရှောင်တိမ်းနေရတယ်” လို့ ပြောပါတယ်။
တိုက်ပွဲမရှိဘဲ တဲကြီးရွာကို အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒေသခံ ကာကွယ်ရေးတပ်ရဲ့ ခေါင်းဆောင်တယောက်က “ဗုံးသီးက ၂ လုံး ကြဲသွားတယ်။ တလုံးက ရွာထဲကို ကျတယ်။ လူနေအိမ်တွေ ပျက်စီးတယ်။ နောက်ထပ်တလုံးက ရွာအပြင်ကို ကျတယ်။ ရွာအပြင်ကျတဲ့ ဗုံးသီးကတော့ အခုထိ မပေါက်ကွဲသေးဘူး။ ကျနော်တို့ ဒဏ်ရာရအမျိုးသမီး ၂ ဦးကိုလည်း ဆေးဝါးကုသတာတွေ ကူညီလုပ်ကိုင်ပေးထားပါတယ်။ ဒေသခံတွေ လုံခြုံရအောင်လို့ ဗုံးပေါက်ကွဲတဲ့ နေရာရော၊ မပေါက်ကွဲသေးတဲ့ ဗုံးနေရာကိုရော ရှင်းလင်းရေးတွေ လုပ်ဆောင်ပေးခဲ့ပြီးပါပြီ” လို့ ပြောပါတယ်။
စစ်တပ်က မန္တလေးတိုင်းအတွင်းက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး စတဲ့ မြို့နယ်တွေက ကျေးရွာတွေကို နေ့တိုင်းလိုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။