
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် ကမ္ဘောဒီးယားနိုင်ငံသားတွေအနေနဲ့ မိခင်နိုင်ငံကို ပြန်လာကြဖို့ ကမ္ဘောဒီးယားနိုင်ငံတော်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဟွန်ဆန်က တိုက်တွန်းလိုက်ပါတယ်။
ထိုင်း နဲ့ ကမ္ဘောဒီးယားဟာ နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုပြဿနာကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ JBC နှစ်နိုင်ငံ နယ်စပ်ပူးတွဲကော်မတီ အစည်းအဝေး လုပ်ခဲ့ကြပေမဲ့ ပြေလည်မှုမရဘဲ ကမ္ဘောဒီးယားဘက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တိုင်တန်းစာ ပေးပို့ခဲ့ပါတယ်။
အဲဒီနောက် ကမ္ဘောဒီးယားနိုင်ငံတော်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဟွန်ဆန်က ထိုင်းရောက် ကမ္ဘောဒီးယား နိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံက မနှင်ထုတ်ခင်၊ မတရားမှုတွေ မလုပ်ခင် မိမိနိုင်ငံကို အားလုံး ပြန်လာကြဖို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဇွန် ၁၅ ရက်က ရေးသား တိုက်တွန်းထားပါတယ်။
“ကမ္ဘောဒီးယားက ICJ ကို တိုင်တန်းစာပို့တဲ့အပေါ် ထိုင်းမျိုးချစ်ဝါဒီတွေ၊ ထိုင်းစစ်တပ် တချို့တွေက မကျေနပ်ကြဘူး၊ အဲဒီအတွက် မိမိကမ္ဘောဒီးယားနိုင်ငံသားတွေ အန္တရာယ်ရှိတယ်၊ ဒါကြောင့် ထိုင်းက မမောင်းထုတ်ခင် အားလုံးပြန်လာကြပါ။ နိုင်ငံသားမှတ်ပုံတင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထိုင်းမှာ အနေကြာသည် ဖြစ်စေ အားလုံး ပြန်လာပါ။”
ဒါ့အပြင် နေရပ်ပြန်အလုပ်သမားတွေအတွက် ပြင်ဆင်စီမံခန့်ခွဲထားတဲ့ သားဖြစ်သူ ဟွန်မာနက် ကိုလည်း ချီးကျူးထားပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က နေရပ်ပြန် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်စားသောက်ရေးအတွက် နေရာတွေ ပြင်ဆင်ထားဖို့ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားကြောင်း၊ နိုင်ငံထဲမှာ အလုပ်သမား ၇၀,၀၀၀ အတွက် အလုပ်အကိုင်တွေ အသင့်ရှိတယ်၊ လူတိုင်း အလုပ်ရစေရမယ်၊ သက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေကို အခမဲ့ ဖွင့်လှစ်ပေးမယ်၊ စီမံစီးပွား ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အလုပ်သမားတွေ တင်ရှိနေတဲ့ ကြွေးမြီတွေကို ဆိုင်းငံ့ လျှော့ပေါ့ပေးဖို့ ဘဏ်ခွဲတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ တောင်းဆိုထားကြောင်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။
ဖနွမ်ပင်မြို့တော်ဝန်ကလည်း ကမ္ဘောဒီးယားနိုင်ငံသားတွေအဖို့ ဒီလိုခေါင်းဆောင်မျိုးရှိတာ အလွန်ကံကောင်းပါတယ်။ နေရပ်ပြန်သူတွေအားလုံးကို ကြိုဆိုဖို့ ကားအစီး ၄၀၀ ပြင်ဆင်ထားတယ်၊ နေရပ်ပြန်သူတွေ လမ်းခရီး ချောမွေ့စေဖို့ ထိုင်းနဲ့ ထိစပ်နေတဲ့ နယ်စပ်ခရိုင် ၇ ခုက စစ်တပ်တွေအနေနဲ့ လိုအပ်သလို ကူညီဖို့ မှာကြားထားတယ်လို့ ထိုင်းသတင်းဌာနက Khmar Times ဝက်ဘ်ဆိုက်ကို ကိုးကား ဖော်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ကတော့ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံခြားရွှေ့ပြောင်းလုပ်သား အမျိုးမျိုးကို ဥပဒေနဲ့အညီ ခန့်ထားတယ်၊ သူတို့ကို အလုပ်သမားဥပဒေနဲ့အညီ အလုပ်သမား အခွင့်အရေးနဲ့အညီ ဝန်ဆောင်မှုပေးတယ်။ အလုပ်သမားတွေကို နိုင်ငံကနေ နှင်ထုတ်ဖို့ အကြံအစည်မရှိ ပေါ်လစီမရှိဘူး၊ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံက ပြန်ခေါ်တယ်ဆိုရင်လည်း သူတို့ သဘောအတိုင်း ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ သက်ဆိုင်ရာအစိုးရရဲ့ တာဝန်ဖြစ်တယ်။ ထိုင်းအနေနဲ့ ပြည်ပနိုင်ငံ ဆက်ဆံရေးကို နိုင်ငံရေးနဲ့ မရောထွေးဘူး။ ပြည်ပနိုင်ငံနဲ့ ဆက်ဆံရေး၊ နိုင်ငံရေးမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီး ဖိဖတ် ရာ့ချ်ကစ်ပကန် ကလည်း ထိုင်းမှာ တရားဝင် ကမ္ဘောဒီးယား အလုပ်သမား ၅ သိန်းကျော်ရှိတယ်။ တရားမဝင်လုပ်သားတွေ ပါရင် ၈ သိန်းကျော်မယ်လို့ ခန့်မှန်းတယ်။ ဒါပေမဲ့ စိုးရိမ်စရာမရှိဘူး။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ အိန္ဒိယ စတဲ့ အလုပ်သမားတွေနဲ့ အစားထိုးနိုင်တယ်။ ပြဿနာဖြစ်နိုင်တာက ကမ္ဘောဒီးယား အလုပ်သမားတွေပဲ၊ သူတို့က ထိုင်းမှာ အလုပ်လုပ်ပြီး နှစ်စဉ် အိမ်ကို ပြန်ပို့တဲ့ငွေက ဘတ်သန်းပေါင်း ၄၃,၆၀၀ ရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ကမ္ဘောဒီးယားနယ်စပ် အထူးသဖြင့် ဆာကယောက်ခရိုင် အလန်ယပထေ့မြို့နယ့် ဘန့်ခေါင်းလိုတ် နယ်စပ်ဂိတ်မှာ ဒီကနေ့ ဇွန် ၁၆ ရက် မနက်က နေရပ်ပြန် ကမ္ဘောဒီးယားလုပ်သားတွေနဲ့ စည်ကားနေပြီး တန်းစီနေတဲ့ လူတန်းကြီးဟာ ၁ ကီလိုမီတာနီးပါး ရှိတယ်။ တချို့က နေပူထဲ မစောင့်နိုင်လို့ ထီးတွေ၊ ဖိနပ်တွေ ချပြီး လူကိုယ်စား တန်းစီချထားတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းဘက်က ကမ္ဘောဒီးယား နယ်စပ်အချို့ကို ပိတ်ထားတဲ့အပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဟွန်ဆန် က နယ်စပ်တွေ မဖွင့်ပေးဘူးဆိုရင် သူတို့ဘက်ကလည်း ထိုင်းဘက်က ဝင်မယ့်ကုန်ပစ္စည်းတွေ လက်မခံဘူး၊ အထူးသဖြင့် ခြံထွက်သီးနှံတွေ အဝင်မခံတော့ဘူးလို့ သူ့ရဲ့လူမှုကွန်ရက်ကနေ ခြိမ်းခြောက် ရေးသားထားပါတယ်။
အငြင်းပွားမှုဖြစ်နေတဲ့ ချောင့်ဘုတ် ခေါ် တြိဂံအမွေအနှစ်နယ်မြေမှာတော့ ကမ္ဘောဒီးယား စစ်သားတွေဟာ လက်နက်ကြီးကျည်ပြောင်းဝကို ထိုင်းဘက်ကို လှည့်ထားပြီး ထိုင်းစစ်တပ်ဘက်ကလည်း အမြဲအသင့်ရှိနေကြောင်း နယ်စပ်ဒေသခံတွေက ပြောပါတယ်။
Source: 3 Plus News / CH7 TV News / Thai PBS News