
ထိုင်းရောက် မြန်မာအလုပ်သမားတွေအနေနဲ့ သက်တမ်းတိုး ကိစ္စတွေ လုပ်ဆောင်တဲ့အခါ စစ်ကောင်စီကို လစဉ်ဝင်ငွေရဲ့ အခွန် ၂ ရာခိုင်နှုန်း၊ တနှစ်ကို ဘတ် ၁၈၀၀ ပေးနေရတယ်လို့ အလုပ်သမားတွေဆီကနေ သိရပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ပတ်စ်ပို့ စာအုပ်သက်တမ်းတိုးတာ အပါအဝင် CI (ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထား) စာအုပ်လဲလှယ်တာစတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်တဲ့အခါ စစ်ကောင်စီထံကို လစဉ်ဝင်ငွေရဲ့ အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်နေရပြီး၊ တလကို ဘတ် ၁၅၀၊ တနှစ်ကို ဘတ် ၁၈၀၀ ပေးနေရတယ်လို့ အလုပ်သမားတွေဆီကနေ သိရပါတယ်။
သက်တမ်းကုန်ခါနီး CI စာအုပ်တွေ အသစ်ပြုလုပ်ပေးနိုင်ဖို့ ထိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာနနဲ့ ညှိနှိုင်းထားပြီး စီအိုင်စခန်းတွေကို ဖွင့်လှစ်မယ့်အချိန်ကိုတော့ အတိအကျ မထုတ်ပြန်သေးပါဘူး။ လက်ရှိမှာတော့ မြန်မာသံရုံးနဲ့ ချိတ်ဆက် လုပ်ဆောင်ရတဲ့ ကိစ္စအဝဝမှာ အခွန်ပေးဆောင်နေရတယ်လို့ ဘန်ကောက်မြို့နေ ပတ်စ်ပို့ အကျိုးဆောင်တယောက်က ပြောပါတယ်။
“သံရုံးနဲ့ ပတ်သက်တဲ့ ဘာအလုပ်ပဲလုပ်လုပ် သူတို့ အခွန်ဆောင်နေရတာလေ အကုန်လုံး။ အခုဆို လ ၂၀ စာ ဆောင်နေရပြီ။ လ ၂၀ စာဆိုတော့ အခုလက်ရှိ ရုံးဖွင့်လို့ရှိရင် ဘယ်လောက် ကောက်ရမယ်ဆိုတာ မင်းအောင်လှိုင်ဆီက အမိန့်မကျသေးဘူး ပြောတယ်။ အဲဒါကို စောင့်နေတာ။ ဘယ်လို အခက်အခဲရှိလဲဆိုတော့ အခွန်က တလကို ၁၅၀၊ အရင်က ထောက်ခံစာ လုပ်ရင် ၁၅၀ ပဲလေ။ အခုတော့ ထောက်ခံစာ တစောင်လုပ်ရင် အနည်းဆုံးက မကုန်ဘူးဆိုရင် ဘတ် ၃၅၀၀၊ ၄၀၀၀ ကုန်လာတာပေါ့။ ကြာတဲ့အခါ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတာပေါ့။ ဘယ်သူမှတော့ မဆောင်ချင်ဘူး။ ကိုယ့်လုပ်အားခကို အလကား ပေးရတာကိုး။ တကယ်လို့ နိုင်ငံအတွက် အကျိုးရှိမယ် ဆိုရင်တော့ တမျိုးပေါ့။”
အထောက်အထားမဲ့ မြန်မာလုပ်သားတွေက ဒီနှစ်မှာ ပန်းရောင်ကတ်လို့ ခေါ်တဲ့ ဘတ် လျှောက်ထားပြီး၊ နိုင်ငံကူးလက်မှတ်နဲ့ CI မရှိသူတွေအတွက် ပန်းရောင်ကတ် လုပ်ငန်းစဉ် လုပ်ဆောင်ချိန်မှာ CI စာအုပ်ကိုပါ ပူးတွဲ လျှောက်ထားဖို့ စီစဉ်သွားမယ်လို့လည်း မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ လုပ်သားတွေက ဘတ်ရိုက်တာ အပါအဝင် work permit နဲ့ ဗီဇာသက်တမ်းတိုး ကိစ္စတွေအတွက် တယောက်ကို ဘတ် ၁၈,၀၀၀ ကနေ ဘတ် ၂၀,၀၀၀ နီးပါးအထိ ရှိနေတာကြောင့် စစ်ကောင်စီကို ပေးဆောင်ရမယ့် အခွန်နဲ့ဆိုရင် အလုပ်သမားတွေ ဝင်ငွေ ထိခိုက်တယ်လို့ ပြောဆိုနေကြပါတယ်။
အမျိုးသမီး လုပ်သားတဦး (မဟာချိုင်) က “အလုပ်သမားတွေရဲ့ သဘောထားကတော့ အခွန်ဆောင်ရမယ် ဆိုတော့လေ မဖြစ်မနေတော့ ကျမတို့က စီအိုင်စာအုပ်ကို သူများနိုင်ငံမှာ နေရင် ကျမတို့အတွက် ဒီစာအုပ် မဖြစ်မနေ လုပ်ရတော့ မဆောင်ဘူးဆိုရင် ဒီစာအုပ်မရမှာ ဖြစ်တဲ့အတွက် မဖြစ်မနေ ဆောင်ရမယ်ဆိုရင် ဆောင်ရမယ်ပေါ့။ ဆောင်ချင်လားဆိုရင် မဆောင်ချင်ဘူး။ ကျမတို့က ဒီမှာ စီးပွားရေးရော၊ ရှာစားဖို့ နေထိုင်ရေး အရမ်းခက်ခဲနေချိန်မှာ မဆောင်ချင်ဘူး။ မဖြစ်မနေဆိုရင် လှည့်ပတ်ပြီး ဆောင်ရမှာပေါ့။ တတ်နိုင်ရင် ပန်းရောင်ကတ် တမျိုးတည်းနဲ့ပဲ နေချင်တယ်။ ဖြစ်နိုင်ရင် စီအိုင်စာအုပ်ကို ဆက်မလုပ်ချင်ဘူး။ ဘာလို့လဲဆိုတော့ အခက်အခဲ တအားဖြစ်လို့ပါ။ အခု ကျမမိသားစုဆို အားလုံး ၅ ယောက်မှာ ဘတ်ရိုက်တယ် ပွဲစားနဲ့ရိုက်တာ ၈,၅၀၀ ပေးရတယ်။ စာအုပ်က ၅,၇၀၀ ပေးရတယ်။ အခွန်ပါ ဆောင်ရမယ်ဆို ကျမတို့ လူတယောက် ကုန်ကျစရိတ်နှုန်းက တယောက်ကို ၁၈,၀၀၀၊ ၅ ယောက်ဆိုတော့ ဘတ် ၁ သိန်းနား နီးတယ်ရှင့်” လို့ ပြောပါတယ်။
၂၀၂၅ ဖေဖော်ဝါရီ ၁၃ မှာ work permit နဲ့ ဗီဇာသက်တမ်းကုန်ထားတဲ့ အလုပ်သမားတွေကတော့ ထိုင်းအစိုးရက ပေးမယ့် work permit နဲ့ ဗီဇာသက်တမ်း ၂ နှစ်ကို စောင့်ဆိုင်းကာ သက်တမ်းတိုး ကိစ္စတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။
ထိုင်းအစိုးရ တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ထိုင်နိုင်ငံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ ၂ ဒသမ ၃ သန်း နီးပါး ရှိပါတယ်။
ဒါပေမဲ့ တရားမဝင်နေထိုင်သူတွေလည်းရှိနေတာကြောင့် ထိုင်းနိုင်ငံ၊ ခရိုင် ၇၇ ခုက နေရာအနှံ့မှာ ရောက်ရှိနေကြတဲ့ မြန်မာအရေအတွက် ၆ ဒသမ ၈ သန်းကျော်၊ ၇ သန်းနီးပါးအထိရှိနိုင်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်းထားပါတယ်။
ဇွဲသစ်