
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း စခန်းသိမ်းတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးပြီး ယာယီ စစ်ရှောင်ခိုလှုံနေကြတဲ့ ကရင်စစ်ဘေးရှောင် အယောက် ၁၀၀ ကျော် နေရပ်မပြန်နိုင်သေးဘဲ သောင်တင်နေပါတယ်။
မြန်မာစစ်ဘေးရှောင်တွေဟာ ရွှေအေးမြိုင်ရွာနဲ့ ဥကရစ်ထရွာတွေက ရွာသားတွေဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဖုတ်ဖမြို့၊ မော်ကဲရွာအနီး ပြောင်းဂိုလ်ခေါင်မှာ အမျိုးသား ၂၆ ယောက်၊ အမျိုးသမီး ၄၇ ယောက်၊ ကလေးငယ်၊ ကျား၊ မ အယောက် ၅၀၊ စုစုပေါင်း ၁၂၃ ယောက်ဖြစ်ပါတယ်။
စစ်ဘေးရှောင်တယောက်က “ရွှေအေးမြိုင်မှာ တိုက်ပွဲစတော့ ထွက်ပြေးရတယ်။ အခုရက်ပိုင်း KNLA ပူးပေါင်းတပ်ကလည်း ဥကရစ်ထစခန်းသိမ်းဖို့အတွက် ချဉ်းကပ်လာတော့ အိမ်မပြန်ရဲကြသေးဘူး” လို့ ပြောပါတယ်။
ယာယီစစ်ရှောင်တွေကို ထိုင်းစစ်တပ်နဲ့ ဌာနဆိုင်ရာတွေက ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ အပြင် စားစရာနဲ့ နေစရာတွေကိုလည်း လူသားချင်းစာနာမှုအပြည့်နဲ့ ကူညီပေးနေပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရဲ့ တောင်နဲ့ မြောက် နှစ်ခုစလုံးမှာ စခန်းသိမ်းတိုက်ပွဲတွေ ပြင်းထန်နေပြီး မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန် ဖြစ်နေပါတယ်။