
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုမှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေ ထွက်ပြေးနေကြရသလို လောင်းလုံးမြို့နယ်မှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၃,၀၀၀ ထက်မနည်း တိမ်းရှောင်နေကြရပါတယ်။
ဇွန် ၁၄ ရက်မနက် ၁၀ နာရီလောက်မှာ ခန္တီကျေးရွာအုပ်စု၊ တောင်ခေါင်းလောင်းကျေးရွာကို ရေလမ်းကနေ စက်လှေကြီးတွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့က အသင့်စောင့်ကြိုပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ တောင်ခေါင်းလောင်းရွာခံတယောက်က ပြောပါတယ်။
“စစ်ကောင်စီက တောင်ခေါင်းလောင်းဘက်ကို မနက်အစောကြီး လှေကြီးတွေနဲ့ တိုးဝင်လာတဲ့အချိန်မှာ PDF တွေက ဆိပ်ကမ်းကနေ RPG တွေနဲ့ပစ်တော့ ရွာနားက ချောင်းတွေထဲ ဝင်သွားတယ်။ စစ်သင်္ဘောကနေ လက်နက်ကြီးတွေပစ်ကူတယ်။ အခု ခန္တီရွာရဲ့ အရှေ့ရွာဖြစ်တဲ့ ဥယျာဉ်ကမ်းရွာနဲ့ ပြင်ဘုငယ်ရွာမှာ စစ်ကောင်စီကနေရာယူထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။”
တိုက်ပွဲဖြစ်ပြီးနောက် ပြင်ဘုငယ်ကျေးရွာရဲ့ ရေပြင်အနီးမှာရှိတဲ့ စစ်ကောင်စီ သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ တောင်ခေါင်းလောင်းကျေးရွာဘက်ကို ပစ်ခတ် တိုက်ခိုက်ခဲ့သလို ကထောင်းနီကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ တောင်ခေါင်းလောင်းကျေးရွာအနီး ခန္တီကျေးရွာဘက်ကို ပစ်ခတ် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲတွေပြင်းထန်နေပြီး ခန္တီကျေးရွာအုပ်စုထဲက တောင်ခေါင်းလောင်း၊ ကုလားမခေါင်းနဲ့ ခန္တီကျေးရွာတို့က ဒေသခံပြည်သူတွေ အကုန်လုံးနီးပါးဟာ ဘေးလွတ်ရာနေရာတွေဆီ တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှတော့ စစ်ပြဲရွာကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာပြီး အနီးအနားကျေးရွာတွေကို ဇွန် ၁၄ ရက်မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စစ်ပြဲရွာအပါအဝင် အနီးအနားက ညှင်းမော်ရွာနဲ့ ဂေါ့အင်းရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီ DDMSC တာဝန်ရှိသူ ကိုမင်းလွင်ဦးက ပြောပါတယ်။
ဇွန် ၁၂ ရက်ကလည်း လောင်းလုံမြို့နယ်ထဲက ကညိုကျွန်းရွာကို စစ်သင်္ဘော ၂ စင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရပြီး စက်လှေတစီးကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က အခုလို တိုက်ခိုက်တာကြောင့် ကညိုကျွန်းရွာ၊ ကထောင်းနီရွာ၊ ညှင်းမော်ရွာ၊ စစ်ပြဲရွာနဲ့ ဂေါ့အင်းရွာတို့က ဒေသခံ ၃,၀၀၀ ထက်မနည်းဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိုးရာသီဖြစ်တာကြောင့် ကျန်းမာရေး၊ အစားအသောက်နဲ့ နေဖို့ထိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သွားရောက်ကူညီပေးသူတွေက ပြောပါတယ်။