မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆန္ဒပြ ချီတက်ပွဲကို ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ကျင်းပပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီက ဦးစီးကျင်းပတဲ့ ဆန္ဒပြပွဲနဲ့ ချီတက်ပွဲကို အဖွဲ့အစည်းအသီးသီးမှ အင်အား ၃၀၀ လောက် လာရောက်ကြပြီး ဆိုးလ်မြို့လယ် ဘိုရှင်းဂတ်ပန်းခြံမှ မြောင်ဒုံဘူတာအထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့်နှစ် မွေးနေ့အတွက် ဆုတောင်းစကား ပြောကြားပါတယ်။
ဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ နိုင်ငံသားများသို့ မေတ္တာရပ်ခံစာကိုလည်း NLD-OC ကိုရီးယားဌာနခွဲက ဖတ်ကြားခဲ့ပါတယ်။
ဆန္ဒပြချီတက်ပွဲ တလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းရဲ့ မွေးနေ့ ဆုတောင်းစကား အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သံမှတ်တမ်းတွေ၊ ဂုဏ်ပြုတေးသီချင်းတွေကို ကိုရီးယား -အင်္ဂလိပ် -မြန်မာ ၃ ဘာသာနဲ့ ထုတ်လွှင့်ပြသခဲ့ပါတယ်။
လူထုခေါင်းဆောင်မွေးနေ့ ပြည်တွင်းလှုံဆော်မှုကို အားပေးတဲ့အနေနဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက အပြာရောင်ဝတ်ဆင်ပြီး နှင်းဆီပန်းတွေ ကိုင်ဆောင်လာကြသလို ဆန္ဒပြ ချီတက်ပွဲအတွင်း မြန်မာ့နွေဦးတော်လှန်ရေး ကိုရီးယားဘာသာ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေခဲ့ပါတယ်။
လူထုခေါင်းဆောင်ရဲ့ အသက် ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် လူထု ဆန္ဒပြချီတက်ပွဲမှာ ခွန်အားဖြည့်မိငယ်၊ ကြယ်သီချင်းတွေနဲ့ ဂုဏ်ပြုကြပြီး သွေးသစ္စာသီချင်းကိုလည်း သံပြိုင်သီဆိုကာ ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါတယ်။