
အစုလိုက်အပြုံလိုက် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ဒေသခံလူထုအပေါ် ထိခိုက်မှုကို ကန့်ကွက်တဲ့အနေနဲ့ စပိန်နိုင်ငံရှိ မြို့ကြီးတွေနဲ့ ဘာစီလိုနာမြို့လယ်မှာ ဇွန် ၁၅ ရက်က လူထောင်ပေါင်းများစွာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ခရီးသွားလုပ်ငန်း လျှော့ချရေးအသိုက်အဝန်းတွေရဲ့ စုဝေးပွဲလို့ နာမည်ပေးထားတဲ့ အဖွဲ့က စီစဉ်တဲ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေက ဈေးဆိုင်တွေနဲ့ ဟိုတယ်တွေမှာ ရေသေနတ်တွေနဲ့ ရေပက်တာ၊ ဟိုတယ်ဝင်ပေါက်တွေကို တိပ်နဲ့ ပိတ်တာနဲ့ လူဝီဗီသွန် (LV) လို စတိုးဆိုင်တွေနားမှာ မီးခိုးဗုံးတွေနဲ့ ပစ်ပေါက်တာတွေ လုပ်ခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲဟာ ဥရောပတောင်ပိုင်း ခရီးသွားလာမှုဆန့်ကျင်ရေးကွန်ရက်က စီစဉ်တဲ့ ညှိနှိုင်းဆန္ဒပြပွဲတွေရဲ့ တစိတ်တပိုင်းပါ။
ကမ္ဘာလှည့်ခရီးသည်တွေ ရောက်လာတာကြောင့် အိမ်ရာစရိတ်တွေ တိုးလာပြီး သဘာဝပတ်ဝန်းကျင် ယိုယွင်းလာတဲ့အပြင် ဒေသခံ ယဉ်ကျေးမှုကို ပျက်ပြားစေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
“ကျနော်တို့မှာ တာဝန်ယူမှုရှိတဲ့ ခရီးသွားလုပ်ငန်း လိုအပ်ပါတယ်” လို့ အသက် ၅၇ နှစ်ရှိ ဗာနီယာ အာရာနာက ပြောပါတယ်။
“အစုလိုက် အပြုံလိုက် ခရီးသွားလုပ်ငန်းမဟုတ်ဘဲ ကျန်းမာရေး၊ လုပ်အား၊ ဂုဏ်သိက္ခာနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ အလုပ်လုပ်တဲ့ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့ ခရီးသွားလုပ်ငန်း ဖြစ်စေချင်တယ်။ အစုလိုက် အပြုံလိုက် ခရီးသွားလုပ်ငန်းက ကျနော်တို့ကို ဆင်းရဲတွင်းနက်စေတဲ့ ခရီးသွားလုပ်ငန်းဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။
အီဘီဇာ၊ မာလာကာ၊ ပါမာဒေ မယ်ယော်ကာ၊ စန် စီဘတ်စ်စီယံနဲ့ ဂရာနာဒါမြို့တွေ အပါအဝင် စပိန်နိုင်ငံရဲ့ တခြားဒေသတွေမှာ အလားတူ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
Source: Reuters