ဇွန် ၁၉ ရက် ကျရောက်မယ့် လူထုခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ် မိနစ် ၈၀ ကြာ လမ်းလျှောက် လှုပ်ရှားမှုကို ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ ဆာရေးမြို့နယ်ရှိ Holland park ပန်းခြံမှာ ဒေသအချိန် ဇွန် ၁၅ ရက် နေ့လယ်က ကျင်းပသွားပါတယ်။
မွေးနေ့အကြို လမ်းလျှောက်လှုပ်ရှားမှုကို ဗန်ကူးဗားရောက် မြန်မာပြည်သားတွေလာရောက် ပူးပေါင်းပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှည်ကျန်းမာစေဖို့နဲ့ အကျဉ်းကျခံနေရရာကနေ အမြန်ဆုံးပြန်လွတ်မြောက်ဖို့ ဆုတောင်း ပေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ကနေဒါ၊ အမေရိကန်၊ တောင်ကိုရီးယားစတဲ့ နိုင်ငံတွေအပါအဝင် ပြည်တွင်းပြည်ပမှာ အခုသီတင်းပတ်ကတည်းက ပုံစံမျိုးစုံနဲ့ ပြုလုပ်နေတာဖြစ်ပါတယ်။
ဗန်ကူးဗားရောက်မြန်မာအသိုက်အဝန်းက မိနစ် ၈၀ ကြာလမ်းလျှောက်လှုပ်ရှားမှု အပြင် လာမယ့် သီတင်းပတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်ပွဲကို ကျင်းပဖို့အစီအစဉ် ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ စစ်တပ်အာဏာစသိမ်းကတည်းက ဖမ်းဆီး အကျဉ်းချ ထားတာဖြစ်ပြီး အခုလက်ရှိ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို စစ်ကောင်စီက သတင်းအမှောင်ချ ထားသလို ရှေ့နေတွေအပါအဝင် ပြင်ပနဲ့လည်း အဆက်အသွယ် ဖြတ်ထားပါတယ်။