
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတချို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့ ဒေသစံတော်ချိန် ဇွန် ၁၃ ရက်က တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံရာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြည်ဝင်ခွင့် ပိတ်ပင်ထားတာ၊ ယာယီခိုလှုံခွင့် TPS နဲ့ နေထိုင်နေသူတွေ သက်တမ်းတိုးပြီး နေထိုင်ခွင့်ရဖို့ မသေချာတော့တာတွေနဲ့ ပတ်သက်ပြီး ဖြေလျှော့ပေးဖို့ ဒေါက်တာဆာဆာက မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေပြီး ယာယီခိုလှုံခွင့် TPS နဲ့ နေထိုင်သူ မြန်မာနိုင်ငံသား ၁၀,၀၀၀ ဝန်းကျင်အထိ ရှိနေတာပါ။
မြန်မာပြည်တွင်း ပဋိပက္ခအခြေအနေတွေကို အမေရိကန်အစိုးရနဲ့ လွှတ်တော်တာဝန်ရှိသူတွေဆီ ချဉ်းကပ် အသိပေးပြီး မြန်မာနိုင်ငံသားတွေကို အကူအညီပေးနိုင်ဖို့ NUG က တတ်နိုင်သလောက် ကြိုးပမ်းဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ မတွေ့ဆုံခင်မှာ ဒေါက်တာဆာဆာဟာ ဗြိတိန်အစိုးရ တာဝန်ရှိသူတွေ၊ ပါလီမန်အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဝန်ကြီး ဒေါက်တာဆာဆာကို DVB သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး - ဝန်ကြီး အချိန်တနှစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုကို ၃ ကြိမ်မြောက် ရောက်လာတယ်ပေါ့။ ရောက်လာတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စု အခြေအနေက သိပ်ပြီးတော့ တည်ငြိမ်မှုမရှိဘဲ လှုပ်ရှားမှုတွေ ဖြစ်တယ်ပေ့ါ။ ဒီအခြေအနေမှာ သူတို့ မြန်မာ့အရေးကို စိတ်ဝင်စားလာအောင်၊ သူတို့အခက်အခဲတွေကြားထဲက မြန်မာ့အရေးကို ဆွဲထုတ်နိုင်အောင် အမေရိကန်ပြည်ထောင်စုမှာ ဝန်ကြီး ကြိုးစားအားထုတ်နေတဲ့ အခြေအနေတွေကို ရှင်းပြပေးစေချင်ပါတယ်။
ဖြေ - “ကျနော် အဓိက တွေ့ဆုံတာတော့ အမေရိကန်အစိုးရနဲ့ လွှတ်တော်ပေါ့။ အချက် ၅ ချက်လောက် ရှိတယ်လို့ ပြောလို့ရပါတယ်။ အချက် ၁ က မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးသည် သူတို့အတွက်လည်း ဗျူဟာမြောက် အကျိုးစီးပွားဖြစ်တာကို ကျနော် နားလည်တယ်။ တကယ်လို့များ မြန်မာနိုင်ငံဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ မဖြစ်ဘူးဆိုရင် မြန်မာနိုင်ငံသည် Fail State ဖြစ်သွားရင်လည်း အမေရိကန်အတွက် ဒုက္ခကြီးကြီး ဖြစ်သွားနိုင်တယ်။ ကျနော်တို့ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်မလား သို့မဟုတ် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားထက် ဆိုးတဲ့ အာဏာရှင်စနစ်နိုင်ငံ ဖြစ်မလား ဆိုတာက အမေရိကန်အစိုးရနဲ့ အမေရိကန်ခေါင်းဆောင်တွေ အနေနဲ့လည်း ဒါကို စဉ်းစားထားပြီးသား ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ဖြစ်ခိုင်းရေးဟာ အမေရိကန်ရဲ့ မဟာဗျူဟာဖြစ်တဲ့အခါမှာ အဲဒါကို နံပါတ် ၁ ဆွေးနွေးခဲ့တယ်။ ခုလတ်တလောဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ မှီတင်းနေထိုင်နေတဲ့ TPS နဲ့ နေထိုင်တဲ့ မြန်မာပြည်သား သောင်းဂဏန်းလောက်ကို ရှိတယ်လို့ ကျနော်တို့ ခန့်မှန်းထားတာပေါ့။ အောက်တိုဘာလကျရင် သူတို့ရဲ့ TPS က ဗီဇာက ကုန်သွားတော့မှာဖြစ်တယ်။ အဲဒါကိုလည်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဒါကို သက်တမ်းတိုးနိုင်ဖို့က အရေးကြီးကြောင်းကို ကျနော်တို့ ပြောခဲ့တယ်။”
“ပြီးတော့ ပြည်ဝင်ခွင့်ပိတ်ပင်တာကလည်း ကျနော်ရောက်ခါစကပဲ သက်ရောက်လာတာ ဖြစ်တဲ့အတွက် အဲဒါနဲ့ပတ်သက်ရင်လည်း လုံးဝရပ်ဆိုင်းလိုက်တာ မဟုတ်ဘဲနဲ့ ပိုပြီးတော့ လျှော့ပေါ့နိုင်အောင်၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူငယ်တွေ ရင်ဆိုင်နေရတာက စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းပြီးမှ စစ်ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံမှာရှိတဲ့ သားတွေ သမီးတွေ အကုန်လုံးကို ခေါ်ယူပြီးမှ သူများသားသမီးတွေကို သွားသတ်ဖို့ရာအတွက် သူတို့ လှုပ်ရှားနေတဲ့အကြောင်းနဲ့ ဒီခရီးသွားလာခွင့်ပိတ်ပင်တာဟာ တကယ်တမ်းမှာ အခက်အခဲက ရှိနေတဲ့အတွက်ကြောင့် ဒါကိုလည်း လျှော့ပေါ့ပေးနိုင်ဖို့ ဆွေးနွေးနိုင်ခဲ့တယ်။”
“ပြီးနောက် တခုကတော့ ဒီအမေရိကန်မှာရှိနေတဲ့ Burma Act ဥပဒေပေါ့၊ ဒီ Burma Act ဥပဒေကိုလည်း သူတို့အနေနဲ့ အကောင်းဆုံးနဲ့ အပြည့်အဝ လုပ်ငန်းဖော်ဆောင်နိုင်ဖို့ရာအတွက်ကို ဘယ်လိုမဟာဗျူဟာဆွဲပြီးမှ၊ ဒီ Burma Act ဥပဒေဟာ စာရွက်ပေါ်မှာပဲ ရှိပြီးတော့မှ အကောင်အထည်မဖော်ဘဲ ထားနေတယ် ဆိုရင်လည်း ခုနကလို အင်ဒို-ပစိဖိတ် ဒါမှမဟုတ် အိန္ဒိယသမုဒ္ဒရာ တခုလုံးရဲ့ လုံခြုံရေး ကမ္ဘာ့လုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေးလမ်းကြောင်းဟာလည်း ထိခိုက်နိုင်တဲ့ အခြေအနေကိုလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ နောက်တခုကတော့ စကစ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲပေါ့၊ ဒီနှစ်မကုန်ခင်မှာ ပြုလုပ်မယ်လို့ သူတို့က ကြေညာထားပြီးသားဖြစ်တယ်၊ စကစ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့မှ အမေရိကန်ခေါင်းဆောင်တွေနဲ့ အမေရိကန်အစိုးရ အနေနဲ့ ဒါကို လုံးဝလက်မခံဖို့ ကျနော်တို့ ဆွေးနွေးခဲ့တယ်။”
“ကျနော်တို့အနေနဲ့ ဒီအတိုင်း ပါးစပ်ကနေပြောတဲ့ဟာ မဟုတ်ဘဲနဲ့ အတုအယောင် ရွေးကောက်ပွဲက ထွက်လာမယ့် အတုအယောင် အစိုးရတွေကို သေချာကြည့်ထားပြီးမှ၊ တဖက်ကပြောရမယ်ဆိုရင်တော့ ဒေသန္တရ အုပ်ချုပ်ရေးပေါ့၊ ဥပမာ ချင်းပြည်နယ်ပဲဖြစ်ဖြစ်၊ ရခိုင်ပြည်နယ်၊ ကချင်၊ ကရင်နီနဲ့ မွန်၊ အစရှိသဖြင့်ပေါ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး အကုန်လုံးပေါ့၊ တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ မြို့နယ်ပေါင်း ၃၃၀ ထဲမှာလည်း စကစက သူတို့အုပ်ချုပ်ရေးတွေ၊ ကျေးရွာကအစပေါ့နော်၊ စကစက အတုအယောင် ရွေးကောက်ပွဲကတဆင့် တရားဝင်မှုယူပြီးမှ ဒါကိုဖွဲ့မယ့်အစားပေါ့နော်၊ ကျနော်တို့ ဘယ်လိုနဲ့ ဒီ Bottom - Up ဖက်ဒရယ်လစ်ဇင်ကို အခုကတည်းက ကျနော်တို့က လွတ်မြောက်နယ်မြေတွေမှာ ဖော်ဆောင်နိုင်မလဲ ဆိုတာကိုလည်း ကျနော်တို့က ဆွေးနွေးနိုင်ခဲ့တယ်။”
မေး - ဝန်ကြီးအနေနဲ့ UK နိုင်ငံမှာလည်း အစိုးရတာဝန်ရှိသူတချို့ရယ်၊ လွှတ်တော်အမတ်တချို့ရယ်နဲ့ တွေ့ဆုံပြီး မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ သူတို့သိအောင် ကြိုးစားအားထုတ်နေတယ်လို့ သိရပါတယ်။ မြန်မာပြည်က စစ်ဘေးသင့်ပြည်သူတွေ၊ ငလျင်ဘေးသင့် ပြည်သူတွေ အကူအညီရရှိရေးတို့ အတွက်လည်း လျင်လျင်မြန်မြန် ဘယ်လို ဘယ်နည်းနဲ့ ရနိုင်အောင် ကြိုးစားအားထုတ်နေတယ်ဆိုတာ ရှင်းပြပေးစေချင်ပါတယ်။
ဖြေ - “ဒီကိုမလာခင်မှာ UK အစိုးရနဲ့ လွှတ်တော်မှာ တာဝန်ရှိတဲ့ လူကြီးတွေနဲ့ ကျနော်တို့ တွေ့ခဲ့တယ်။ UK အစိုးရအနေနဲ့က ဒီမြေငလျင်မှာ ပေါင် ၂၆ သန်းအထိ သူတို့ကူညီခဲ့တာကိုလည်း ပြောခဲ့ပါတယ်။ သူတို့အကူအညီတွေထဲမှာလည်း UK အစိုးရအနေနဲ့က ၆၅ ရာခိုင်နှုန်းကို ဒေသတွင်း ဖြန့်ဝေနိုင်တဲ့ အနေအထား ရှိခဲ့တာကိုလည်း ပြောခဲ့ပါတယ်။ UK ပဲဖြစ်ဖြစ် အီးယူပေါ့၊ ဥရောပတိုက်မှာရှိနေတဲ့ တော်တော်များများဟာဆိုရင်လည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်တဲ့အခါမှာ သူတို့တွေက တက်တက်ကြွကြွတော့ ဒဏ်ခတ်ပိတ်ဆို့ရေးကို လုပ်ကြပါတယ်။ ဒါပေမဲ့ တခုကျန်နေခဲ့တာက မြန်မာ့စီးပွားရေးဘဏ် MEB လိုမျိုးကို သူတို့က အရေးယူမှုမလုပ်တဲ့အခါကျတော့ MEB ကတဆင့် စကစက ဒဏ်ခတ်ပိတ်ဆို့မှုကို သူတို့က ရှောင်နေတာကို တွေ့ရတယ်။ အဲဒီလမ်းကြောင်းတွေကို အရေးယူ ပိတ်ဆို့မှု လုပ်တဲ့အခါမှာ သေချာလေး အကျိုးသက်ရောက်မှုကိုလည်း ကြည့်ပြီးမှ စကစရဲ့ ထွက်ပေါက်တွေကိုပေါ့နော် ထပ်ပြီးတော့ ပိတ်နိုင်ဖို့ကိုတော့ ကျနော်တို့ ဆွေးနွေးခဲ့တယ်။”
“နောက်တခုကတော့ မြေငလျင်နဲ့ပတ်သက်ရင် UK က ဒုတိယအကြီးဆုံး ကူညီတဲ့နိုင်ငံ ဖြစ်တယ်။ ဥပမာ တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေမှာ ဟိုတုန်းက မြေငလျင်လှုပ်တယ်၊ အဲဒီတုန်းကလည်း UK က ပေါင်သန်း ၁၅၀ နီးပါး ကူညီခဲ့တာကို တွေ့ရတယ်။ တူရကီနဲ့ ဆီးရီးယားမှာ မီဒီယာတွေ ဝင်ခွင့်ပေးခဲ့တယ်။ မီဒီယာတွေ BBC တို့ကနေပြီးတော့မှ ဒါကို သေသေချာချာ Coverage လုပ်ပေးတဲ့အခါကျတော့ နှစ်ပတ်အတွင်းမှာ ပေါင်သန်း ၁၅၀ နီးပါး မြေငလျင်ကူညီဖို့အတွက် လုပ်နိုင်ခဲ့တာကို တွေ့ရတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မီဒီယာတွေကို ဝင်ခွင့်မပေးတဲ့အခါကျတော့ ၂ ရက်ပဲ မြေငလျင်နဲ့ပတ်သက်ပြီးတော့ Coverage ကို လုပ်နိုင်ခဲ့တဲ့အခါမှာ တူရကီမှာ ၂ ပတ်အတွင်း ပေါင်သန်း ၂၅၀ နီးပါး ကူညီနိုင်ခဲ့ပြီးမှ အခု မြန်မာနိုင်ငံမှာကျတော့ ၂ ရက်ပဲလုပ်ပြီးတော့ ၂ ရက်အတွင်းမှာ ပေါင် ၂၆ သန်းအထိပဲ ရနိုင်ခဲ့တဲ့ အနေအထားကိုလည်း တွေ့ရပါတယ်။
“ပြောချင်တာကတော့ ဒါဟာလည်း UK အစိုးရပဲဖြစ်ဖြစ် နိုင်ငံတကာမှာ မီဒီယာမှာ သတင်းထွက်ဖို့ အရေးကြီးသလဲ ဆိုတာကိုလည်း သင်ခန်းစာတော့ ယူခဲ့ပါတယ်။ ဒီလွှတ်တော်တွေမှာလည်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ဒီထက်မက ပိုဖို့တော့ သူတို့လှုပ်ရှားနိုင်ဖို့ပေါ့။ အထူးသဖြင့်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဇွန် ၁၉ ဆိုရင် သူ့ရဲ့မွေးနေ့ဟာရှိပြီနော်၊ အသက် ၈၀ ရှိသွားပြီ။ ဗြိတိသျှအစိုးရသော်လည်းကောင်း လွှတ်တော်သော်လည်းကောင်း တတ်နိုင်တဲ့ဘက်ကနေပြီးမှ ဒါကို အခုထိဆို ၂၂,၀၀၀ ကျော် နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးနိုင်ဖို့ကိုလည်း ကျနော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။”
မေး - မြန်မာပြည်အရေးက အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားနိုင်ငံတွေအရေးနဲ့ပါ ချိတ်ဆက်နေတယ်ပေါ့။ ပြီးတော့ တရုတ်နဲ့ ရုရှားက စစ်ကောင်စီဘက်က ရပ်တည်လာတယ်ပေါ့။ ဒီအခြေအနေက ပြည်တွင်းမှာ ရုန်းကန်နေရတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် အခက်အခဲ ဖြစ်စေတယ်ပေါ့။ ဒီအခြေအနေမှာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတွေ တခုချင်းစီရဲ့ ခြေလှမ်းက ဘယ်လိုရှိနေတယ်၊ သူတို့နဲ့ဆက်ဆံနိုင်ဖို့ အသိပေးနိုင်ဖို့ ဘယ်လိုကြိုးစားအားထုတ်မှု ရှိနေတယ်ဆိုတာ ပြောပေးစေချင်ပါတယ်။
ဖြေ - “မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံအကြားရှိတဲ့ နိုင်ငံဖြစ်တဲ့အခါမှာ မြန်မာနိုင်ငံ အိမ်နီးနားချင်းမှာ ကမ္ဘာ့လူဦးရေတဝက်က ရှိနေတယ်။ မြန်မာနိုင်ငံ မတည်ငြိမ် မအေးချမ်းဘူးဆိုရင် အိန္ဒိယအတွက် အန္တရာယ်ရှိနေသလို တရုတ်အတွက်လည်း အန္တရာယ်ရှိနေတယ်။ အမေရိကန်၊ UK နဲ့ EU အတွက်လည်း ဒါဟာ ကြီးမားတဲ့အန္တရာယ် ဖြစ်နိုင်တာကို ကျနော်တို့တွေ့ရတယ်။ အဲဒါကို ဆွေးနွေးခဲ့တယ်။ အမေရိကန်ပြည်ထောင်စုမှာတောင်မှ လွန်ခဲ့တဲ့နှစ်မှာ အွန်လိုင်းလိမ်လည်မှုတွေ ဆိုင်ဘာရာဇဝတ်မှုတွေကနေပြီးတော့ ဒေါ်လာ ၁၄ ဘီလီယံနီးပါးလောက်ကို အလိမ်ခံခဲ့ရတာကို တွေ့ရတယ်။ ဆိုတော့ မြန်မာနိုင်ငံဟာ အွန်လိုင်းလိမ်လည်မှုပဲဖြစ်ဖြစ် အခု အမေရိကန်မှာ ရင်ဆိုင်နေရတဲ့ ဖန်တနဲလ် မူးယစ်ဆေးဝါးပေါ့၊ ရာဇဝတ်မှုဆိုင်ရာ အကြောင်းတရားတွေဟာ မြန်မာနိုင်ငံမှာ ရှိနေတာကို ဆွေးနွေးခဲ့တယ်။ ဒီရာဇဝတ်မှုဆိုင်ရာ အကြောင်းတရားတွေက ဒါတွေကို ဘယ်သူတွေက ဖြစ်စေခိုင်းနေသလဲ။ အဲဒီမှာ တရုတ်နဲ့ ရုရှား အခန်းကဏ္ဍက အရမ်းအရေးကြီးလာတယ်။ တရုတ်နဲ့ ရုရှားက အကြမ်းဖက် စစ်အာဏာရှင်ကို ကူညီပေးတာတွေဟာ မူယစ်ဆေးရာဇဝတ်မှုတို့ ဆိုင်ဘာရာဇဝတ်မှုတို့ လူကုန်ကူးရာဇဝတ်မှုတို့ အကုန်လုံးကိုလည်း တိုက်ရိုက်မဟုတ်ရင်တောင်မှ သွယ်ဝိုက်ပြီး ကူညီနေခဲ့တာကိုလည်း ကျနော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။”
“အိန္ဒိယအတွက်သော်လည်းကောင်း တရုတ်အတွက်သော်လည်းကောင်း ဒါတွေဟာ တရားဝင်စိုးရိမ်စရာတော့ ဖြစ်တယ်။ မြေရှားသတ္တု ၂၀၂၃ ဒေတာကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာထွက်တဲ့ မြေရှားသတ္တုတွေဟာ အဓိကတော့ တရုတ်ပြည်ကိုသွားတယ်။ တရုတ်က နိုင်ငံတကာကို ဖြန့်ချိတယ်။ ၂၀၂၃ ရဲ့ မြေရှားသတ္တု အရောင်းအဝယ်ကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက ထွက်သွားတာဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ဖိုး ရှိတယ်။ စကစဆီကနေပြီးမှ တရုတ်ကိုသွားတယ်၊ တရုတ်ကနေပြီးမှ တကမ္ဘာလုံးကိုရောင်းချတယ်၊ မြန်မာနိုင်ငံမှာထွက်တဲ့ သယံဇာတကို ပြည်သူလူထုကို ပြန်သတ်ဖို့ရာအတွက် အသုံးပြုနေတာဟာ စစ်ရာဇဝတ်မှု မြောက်နေတယ်။ ကျနော်တို့သည် ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို သွားတဲ့နေရာမှာ အင်အားကြီးနိုင်ငံတွေရဲ့အောက်မှာ နေတာမဟုတ်ဘဲနဲ့ တကမ္ဘာလုံးနဲ့ အိမ်နီးနားချင်းတွေအတွက် တည်ငြိမ်တဲ့ အခြေအနေတရပ် ဖြစ်နေဖို့အတွက်က မြန်မာနိုင်ငံသည် တည်ငြိမ်နေဖို့ လိုပါတယ်။”
“တည်ငြိမ်နေဖို့ဆိုတာက အောက်ခြေကနေစပြီးမှ ကျနော်တို့က ဖက်ဒရယ်လစ်ဇင်ကို သွားနိုင်တဲ့အခါမှပဲ ဒါဟာဖြစ်နိုင်မယ်ဆိုတာ ကျနော်တို့က မီးမောင်းထိုးပြီးမှ တွေ့တဲ့လူကြီးတွေနဲ့ အသေးစိတ် ဆွေးနွေးနိုင်ခဲ့တယ်။ ဆိုတော့ တရုတ်ပဲဖြစ်ဖြစ်၊ အိန္ဒိယပဲဖြစ်ဖြစ် တခြား အိမ်နီးနားချင်းတွေအနေနဲ့ ဒီစစ်ကောင်စီကို အင်ဒို-ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာတခုလုံးရဲ့ လုံခြုံရေးကို ထိခိုက်နစ်နာစေမှာကို သူတို့ သိလျက်နဲ့ ဆက်လက်ပြီးတော့မှ လောင်စာပေးနေသလို မဟုတ်တော့ဘဲနဲ့ ရပ်တန့်နိုင်ဖို့အတွက်ကို ဥပမာ ရုရှားကုမ္ပဏီတွေ၊ တရုတ်ကုမ္ပဏီတချို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ဖို့ အချိန်တန်ပြီလား ဆိုတာကိုလည်း ကျနော်တို့ စဉ်းစားဖို့လိုပါတယ်။ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ဒရုန်းတွေ ဂျက်လေယာဉ်တွေက ဘယ်ကလာသလဲ၊ ဒီစစ်လက်နက်တွေက ရုရှားကလာတယ်၊ တရုတ်ကလာတဲ့အခါမှာ မြန်မာပြည်သူလူထုက စစ်ကောင်စီနဲ့ ရင်ဆိုင်နေရတယ် ဆိုပေမဲ့လည်း တကယ့် ကျနော်တို့ ရင်ဆိုင်နေရတာကတော့ တရုတ်လက်နက်နဲ့ ရင်ဆိုင်နေရတယ်၊ ရုရှားကိုလည်း ရင်ဆိုင်နေရတယ်ဆိုတဲ့ အနေအထားကိုတော့ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။”
မေး - အခုနှစ်ဆန်းကစပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မလေးရှားနိုင်ငံက ယူထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ မလေးတို့ အင်ဒိုတို့ဆိုတာ တော်လှန်ရေးဘက်က ရပ်ခံမှုရှိခဲ့တယ်လို့ သိရတယ်ပေါ့။ ဒါပေမဲ့ မလေးက အလှည့်ကျဥက္ကဋ္ဌအနေနဲ့ တာဝန်ယူပြီးနောက်ပိုင်းမှာ တကယ်ပဲ တော်လှန်ရေးအင်အားစုတွေဘက်က ရပ်ခံမှုရှိရဲ့လား၊ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေ ရှိရဲ့လား၊ ဝန်ကြီးအနေနဲ့ ဘယ်လိုအမြင်ရှိပါသလဲ။
ဖြေ - “တကယ်ကောင်းတဲ့ တိုးတက်မှုတော့ဖြစ်တယ်၊ သို့သော် အာဆီယံကို ဗဟိုပြုပြီးမှ လုပ်နေတဲ့ အခင်းအကျင်းတခုကိုတော့ ရှိတယ်၊ သို့သော်လည်းပဲ ပြောချင်တာကတော့ အာဆီယံတခုတည်းနဲ့ မြန်မာနိုင်ငံပြဿနာဟာ လုံးဝဖြေရှင်းလို့ မရဘူး ဆိုတာကိုတော့ အားလုံးက လက်ခံဖို့လိုတယ်။ အဲဒီနေရာမှာ ကျနော်တို့ အာဆီယံ Plus- Plus လိုလာတာပေါ့နော်။ အာဆီယံနဲ့ အိန္ဒိယ၊ အာဆီယံနဲ့ တရုတ်၊ အာဆီယံနဲ့ ယူအက်စ်၊ အာဆီယံနဲ့ အီးယူ Plus- Plus အများကြီးနဲ့ မြန်မာနိုင်ငံနဲ့ ချဉ်းကပ်တဲ့အခါမှာ သူတို့အတွက် မဟာဗျူဟာမြောက်တဲ့ အခင်းအကျင်းတခုကို သူတို့ ဖန်တီးဖို့လိုတဲ့ ဥစ္စာကိုတော့ ကျနော်တို့ ထောက်ပြခဲ့ပါတယ်။ မနေ့ကပြောရင်လည်း ဘုံ ၅ ချက်ပဲ၊ ဒီနေ့လည်း ဘုံ ၅ ချက်၊ အနာဂတ်ဆိုလည်း ဘုံ ၅ ချက် ဆိုတာကတော့ အဲဒါကြီးကနေ ကျနော်တို့ ထွက်သွားဖို့ အရေးကြီးတယ်လို့ထင်တယ်။ ဒါကြောင့်မို့ မြန်မာပြည်သူလူထုပါတဲ့ လုပ်ငန်းစဉ်တခုကို အာဆီယံအနေနဲ့ သယ်လာနိုင်ဖို့ကတော့ အရေးကြီးဆုံးဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။”
မေး - နိုင်ငံတကာအရေး မတည်မငြိမ်ဖြစ်တာက ပြည်တွင်းတော်လှန်ရေးအပေါ် ဖိအားတွေ ဖြစ်တာပေါ့။ တဖက်ကကြည့်ရင်တော့လည်း အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့ ကိစ္စမျိုး၊ ပြီးခဲ့တဲ့ရက်ပိုင်းက ILO က Article 33 နဲ့ စစ်ကောင်စီကို အရေးယူပိတ်ဆို့တယ်ပေါ့၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်မှုတွေက ဘယ်လိုလုပ်ရင် ပိုကောင်းလာမလဲ၊ တော်လှန်ရေးအတွက် ဘယ်လိုသက်ရောက်မှု ရှိလာနိုင်လဲ၊ ဒီအဖွဲ့အစည်းတွေအပေါ်မှာ ဘာများပြောချင်တာရှိပါသလဲ။
ဖြေ - “တကယ်ဆိုရင်တော့ ဒါတွေအားလုံးက ဖိအားဖြစ်တယ်၊ ဒါပေမဲ့ ဖိအားတခုတည်းနဲ့က အလုပ်မဖြစ်ဘူး။ အရေးယူဆောင်ရွက်ဖို့လိုတယ်၊ ILO က Article 33 နဲ့ ပတ်သက်ပြီးတော့ သော်လည်းကောင်း Burma Act နဲ့သော်လည်းကောင်း အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ သော်လည်းကောင်း အကုန်လုံးပေါ့နော်၊ ဒါတွေကို ဘယ်လိုနဲ့ မြေပြင်မှာ လုပ်သွားမလဲ ဆိုတာကတော့ Action Plan တွေ ထွက်လာဖို့လိုပါတယ်။ အဲဒီ Action Plan မှာ ခုနက အာဆီယံလည်းပါတယ်၊ ILO လည်းပါတယ်၊ EU လည်းပါတယ်။ အိမ်နီးနားချင်းတွေလည်းပါတဲ့ တကယ့် Action Plan က နိုင်ငံတကာမှာရှိလာဖို့လိုသလို ပြည်တွင်းမှာလည်း ကျနော်တို့က ဒီစစ်ကောင်စီ မရှိတော့တဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ ဘာလဲဆိုတာကိုတော့ Plan ကို နိုင်ငံတကာကို သေချာလေး ချပြနိုင်ဖို့လိုတယ်။ နိုင်ငံတကာအခင်းအကျင်းနဲ့ ပြည်တွင်းက အခင်းအကျင်း အဲဒီ ၂ ခုအကြားမှာ တခါတလေ ချိန်သားမကိုက်မှု တော်တော်ရှိတယ်လို့ ကျနော် သုံးသပ်မိပါတယ်။ အဲဒီအဆင်မပြေမှုကိုလည်း ကျနော်တို့ နိုင်ငံတကာဘက်ကသော်လည်းကောင်း ပြည်တွင်းဘက်ကသော်လည်းကောင်း အဲဒီ ၂ ခု ချိန်သားမကိုက်မှုကို ကျနော်တို့က အတတ်နိုင်ဆုံး အနီးကပ်ဆုံး ဖြစ်လာတဲ့အထိ သယ်ဆောင်ဖို့အတွက်တော့ ကျနော်တို့အတွက် အင်မတန်မှအ ရေးကြီးပါတယ်။”
ဟုတ်ကဲ့ စိတ်ရှည်ရှည်နဲ့ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။