
Burma Act ဥပဒေအမြန်အသက်ဝင်လာရေးအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတချို့နဲ့ လွှတ်တော်တာဝန်ရှိသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဇွန် ဒုတိယအပတ်ထဲမှာ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန်အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) မှာ အစိတ်အပိုင်းတရပ်အဖြစ်ပါဝင်တဲ့ Burma Act ဟာ ဥပဒေအဖြစ်ပြဋ္ဌာန်းထားပြီးဖြစ်ပေမဲ့ အမေရိကန်အစိုးရအပြောင်းအလဲ ဖြစ်စဉ်မှာ အကောင်အထည်ဖော်နိုင်တဲ့အခြေအနေ အားနည်းခဲ့တာပါ။
ဒေါက်တာဆာဆာက “အမေရိကန်အစိုးရအနေနဲ့ ၂၀၂၆ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၂၁ သန်းကို မြန်မာနိုင်ငံအတွက် အကူအညီပေးနိုင်ဖို့ လွှတ်တော်က တာဝန်ရှိသူတွေအနေနဲ့ လက်မှတ်ထိုးပြီးမှ ဘဏ္ဍာရေးကော်မတီကို ပို့ခဲ့တယ်။ အဲ့ဒီစာကိုရေးတဲ့ လွှတ်တော်က တာဝန်ရှိသူတွေနဲ့ ကျနော် မနေ့ညက တွေ့ခဲ့တယ်။ သူတို့အနေနဲ့ နောက်ထပ် မြန်မာပြည်နဲ့ပတ်သက်တဲ့ Burma Act ဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း ထပ်ပြီးတော့ သူတို့စာရေးဖို့ရှိတယ်။ တခါတလေ အစိုးရကလုပ်တဲ့ဟာကို လွှတ်တော်က ဒါကိုလုပ်ရမယ်ဆိုတဲ့ ဥစ္စာတွေ မဟာဗျူဟာတွေ မူဝါဒတွေကိုလည်း လွှတ်တော်ဘက်ကနေပြီးမှ အစိုးရဘက်ကို ပေးလေ့ရှိတဲ့ ဥစ္စာဖြစ်တဲ့အတွက်ကြောင့် အစိုးရဘက်နဲ့ လွှတ်တော်ဘက်ဆိုပြီး ကျနော်တို့ Balance ထားပြီးမှ ချိတ်ဆက်နေပါတယ်ပေါ့နော်” လို့ ပြောပါတယ်။
အမေရိကန်မှာ သမ္မတဒေါ်နယ်ထရမ့်ပ် တကျော့ပြန် အာဏာရလာပြီးနာက် ပြည်တွင်းရေးကို ဦးစားပေးဆောင်ရွက်တဲ့ သူ့ရဲ့ မူဝါဒကြောင့် မြန်မာ့အရေးအပါအဝင် နိုင်ငံတကာရေးရာ ကိစ္စရပ်တော်တော်များများဟာ လုပ်ငန်းလည်ပတ်မှု နှောင့်နှေးခဲ့တာပါ။
ဒီအခြေအနေတွေမှာ မြန်မာနိုင်ငံက အရေးပေါ်အကူအညီလိုအပ်နေသူတွေကို ပံ့ပိုးနိုင်ဖို့ ဥရောပနိုင်ငံတွေဘက်ကို တိုးမြှင့်ချိတ်ဆက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။
“နိုင်ငံတကာမှာ ဆက်ဆံရေးကိုတည်ဆောက်တဲ့အခါ ယုံကြည်မှုက အရမ်းကို အရေးကြီးတယ်။ ဒီလို ယုံကြည်မှုကို တည်ဆောက်တဲ့အခါမှာ မျိုးစေ့တွေကြဲရတယ်။ ပြည်သူလူထုအနေနဲ့ ဒါကိုနားလည် ပေးစေချင်တယ်။ နိုင်ငံတကာလောကမှာ ကျနော်တို့ မျိုးစေ့ကြဲနေတဲ့ဥစ္စာ တော်တော်များများကတော့ တနေ့ကြရင်တော့ အသီးအပွင့်တွေက ထွက်လာကြမှာပါ။ အခုဆိုရင်လည်း ကျနော် ပြောသလို ဝါရှင်တန်ဒီစီ၊ လန်ဒန်၊ ဘရပ်ဆဲလ်၊ ပဲရစ်နဲ့ ဂျာမဏီပေါ့ ဘာလင်တို့ကိုလည်း ကျနော် သွားခဲ့တယ်။ ဒါတွေအားလုံးက လွှတ်တော်အမတ်တွေက မြန်မာပြည် ဘယ်မှာရှိသလဲ သိချင်မှသိမယ်၊ မြန်မာနိုင်ငံ မြေပုံဘယ်မှာရှိသလဲ၊ မြင်ချင်မှ မြင်လိမ့်မယ်၊ ဒါကို သူတို့ကို ကျနော်တို့ မချိတ်ဆက်ဘူး ဆိုရင်တော့ ဘယ်လို သူတို့သိနိုင်မလဲ မသိနိုင်ဘူး။ သူတို့စားပွဲပေါ်မှာ အမေရိကန် ပြည်တွင်းအရေးကိစ္စတွေလည်း အများကြီးရှိသလို နိုင်ငံတကာအရေးတွေကလည်း အခုဆိုရင်၊ အစ္စရေး-အီရန်၊ ရုရှား-ယူကရိန်း၊ အစ္စရေး-ဂါဇာ ဒါ အရေးကိစ္စတွေက အရမ်းကြီးမားတယ်။ ဒီဒေသမှာဆိုရင် LA မှာ ဘာဖြစ်နေသလဲပေါ့နော်။ ဒါတွေအားလုံးဟာ အရေးကိစ္စကများတဲ့အခါကြတော့ မြန်မာနိုင်ငံအရေးကို သူတို့စိတ်ထဲမှာ သွားထည့်နိုင်ဖို့ဆိုတာက ကျနော်တို့ဘက်က အရမ်းကို အားစိုက်ရတယ်။”
၂၀၂၅ ခုနှစ်အတွက် အမေရိကန်အစိုးရအသုံးစရိတ်ထဲမှာ မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အနည်းဆုံး ပံ့ပိုးကူညီဖို့ သတ်မှတ်ခဲ့တာပါ။
၂၀၂၆ မှာ ဒီပမာဏအတိုင်းဆက်ရဖို့ အမေရိကန်ရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က လွှတ်တော်ကနေတဆင့် တိုက်တွန်းတောင်းဆိုနိုင်ဖို့ ကြိုးစားနေပါတယ်။
NDAA ပါ ဖော်ပြချက်တွေအရ အမေရိကန်နိုင်ငံက တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေ အပါအဝင် အစီအစဉ် ၇ ခု ပေးအပ်ဖို့ ပြင်ဆင်ထားတာ တွေ့ရပါတယ်။
သုတချမ်းသာ