
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ သမိန်ထောကျေးရွာမှာ ဖောကားက စက်ဘီးကို အရှိန်နဲ့ ဝင်တိုက်မိတာကြောင့် ဆယ်တန်းကျောင်းသူတယောက် နေရာတင်သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
ဇွန် ၁၆ ရက် မနက်က သိမ်ကုန်းကျေးရွာကနေ သမိန်ထော အ.ထ.က ဆီ စက်ဘီးနဲ့ ကျောင်းလာတက်တဲ့ အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသူကို သမိန်ထောကျေးရွာ ရွာလယ်တံတားအဆင်းမှာ စပါးတင်လာတဲ့ ဖောကားက လမ်းကြားကနေအထွက် မတော်တဆ တိုက်မိခဲ့တာလို့ သိရပါတယ်။
ဖျာပုံ ကရုဏာရှင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ဒါက မတော်တဆတိုက်မိသွားတဲ့ ဖြစ်စဉ်ပါ။ ယာဉ်မောင်းကလည်း ထွက်မပြေးဘူး ရှင်းပေးနေတယ်။ ကျောင်းကလည်း အဲဒီတံတားအဆင်းနားလေးမှာပဲ ရှိတာပါ။ နာကူလည်းရှိတယ်။ ညနေကျရင် နာရေးအိမ်မှာ သွားကူပေးရမယ်” လို့ ပြောပါတယ်။
ကျောင်းသူရဲ့ရုပ်အလောင်းကို သမိန်ထောရွာနဲ့ အနီးဆုံး ကနိဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ယာဉ်မောင်းကိုတော့ ရဲလုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။