
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့အခြေစိုက် အမှတ် ၉၈ ခြေလျင် တပ်ရင်းက တပ်ရင်းမှူးဖြစ်သူကို စစ်ကောင်စီက လာဘ်စားမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ အမှတ် ၉၈ ခြေလျင်တပ်ရင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။
စစ်ကောင်စီက ဖျာပုံအခြေစိုက် ၉၈ ခြေလျင်တပ်ရင်းက တပ်ရင်းမှူးကို လာဘ်စားမှု အပါအဝင် အမှု ၄ ခုထက်မနည်းနဲ့ ဇွန် ၇ ရက်က စတင်ပြီး စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။
“အထက်အမိန့်နဲ့ ဖမ်းဆီးစစ်ဆေးနေတာ ဟုတ်ပါတယ်။ စစ်မှုထမ်း အရောင်းအဝယ်ကိစ္စ၊ အစားထိုးငွေတောင်းတဲ့ ကိစ္စ၊ တပ်သားတွေ ထွက်ပြေးနေတဲ့ ကိစ္စတွေအပြင် စစ်အသုံးစရိတ် ကိစ္စတွေနဲ့ စစ်နေတာလို့ သိရတယ်။ လက်ရှိ နတခ (အနောက်တောင်တိုင်းစစ်ဌာနချုပ်) မှာလို့ သိရတယ်” လို့ နီးစပ်သူက ပြောပါတယ်။
လာဘ်စားမှုနဲ့ စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က တပ်ရင်းမှူးအပြင် မိသားစု၀င်တချို့နဲ့ ဆက်စပ်သူ တပ်အရာရှိအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဖျာပုံမြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “ထပ်ထူးထူးခြားခြားတော့ မကြားရသေးဘူး။ စစ်ဆေးခံနေရတာတော့ ဟုတ်တယ်။ ဧရာဝတီတိုင်းက တပ်ရင်းမှူး မှန်သမျှက မြို့နယ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး အဂတိလိုက်စားနေတာ။ သူတယောက်တည်း မဟုတ်ပါဘူး။ အကုန်စစ်ဆေး အကုန်ပေါ်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လထဲမှာလည်း ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်က တပ်အရာရှိတယောက်ရဲ့ ကျပ်သိန်းပေါင်းသောင်းချီ လာဘ်စားမှုမှာ ပါဝင်ပတ်သက်တယ်လို့ ဆိုပြီး စစ်ကောင်စီက တပ်ရင်းမှူးနဲ့ ဗိုလ်မှူးတွေ အပါအဝင် ၅ ယောက်ကို ဖမ်းဆီးစစ်ဆေးခဲ့သေးတယ်လို့ သိရပါတယ်။