
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာရှိ စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းကို ဇွန် ၇ ရက်က စတင်ပြီး ဇွန် ၁၅ ရက်အထိ ၉ ရက်ကြာ ပြောက်ကျားစစ်ဆင်ရေးအဖြစ် စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။
၉ ရက်ကြာ ပြောက်ကျားစစ်ဆင်ရေးအတွင်း ကန်နီပျူရွာက ကာကင်းစခန်းကို စနိုက်ပါနဲ့ အတိအကျ သွားပစ်ခတ်နိုင်ခဲ့တယ်လို့ ဒေသခံ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဗစ်တာက ပြောပါတယ်။
“ဇွန်လ ၁၀ ရက်နေ့မှာ သူတို့ အထပ်မြင့်ကင်းစခန်းပေါ်ကို တက်နေတဲ့ စစ်(-)ကို အတိအကျ ပစ်ခတ်နိုင်ခဲ့တယ်။ အဲလိုမျိုးပစ်ခတ်ပြီး ဒဏ်ရာရတဲ့ စစ်(-)ကတော့ ဇွန်လ ၁၃ ရက်နေ့မှာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတယ်လို့လည်း သိရပါတယ်။ ကိုယ့်ဘက်ကတော့ ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ အထိအခိုက်မရှိ တပ်ပြန်ဆုတ်လာနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ကန်နီပျူရွာအတွင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေး တပ်က စားနပ်ရိက္ခာဝင်လမ်းကြာင်းတွေ ပိတ်ဆို့ဖြတ်တောက်ထားလို့ ရွာအတွင်း စားနပ်ရိက္ခာတွေ ပြတ်တောက်နေပြီလို့လည်း ဒေသခံတွထံက သိရပါတယ်။
ကန်နီပျူရွာကနေ ထွက်ပြေးလွတ်မြောက်လာသူတယောက်က “စစ်တပ်ကလည်း လေယာဉ်နဲ့ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လာချပေးတာတော့ ရှိတယ်။ သူတို့လာချတာကလည်း တနှစ်လောက်နေမှ တခါလာချတာ။ ချတဲ့အခါလည်း နည်းနည်းလေးချတာဆိုတော့ ရွာထဲက မိသားစုတိုင်း လုံလုံလောက်လောက် မရကြဘူးဗျ။ ပျူခေါင်းဆောင်ရဲ့ ဗိုလ်ကျတာကိုလည်း ရွာသားတွေက ခံရတယ်။ အခုဆိုရင် ထန်းပင်ရဲ့ အူတိုင်တွေ ပေါက်စားရသလို သစ်ရွက်တွေကိုလည်း ချက်စားနေရတယ်။ ရွာထဲက ပြည်သူတွေကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းချင်နေကြတာ။ ခက်တာက ပျူခေါင်းဆောင်က ရွာအပြင်ထွက်တဲ့ ရွာသားတွေကို အကုန်သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားတယ်။ နောက်ပြီး ရွာကနေ ထွက်ပြေးသွားတဲ့လူတိုင်းရဲ့ အိမ်တွေကို မီးရှို့ကြသလို ချိပ်ပိတ်တာတွေလည်း ပြုလုပ်တယ်။ ရွာထဲက ပြည်သူတွေအနေနဲ့လည်း ဒီဘက်ကို ရဲရဲထွက်လာခဲ့ပါ။ သူတို့ပြောသလို ကာကွယ်ရေးတပ်တွေက သတ်ဖြတ်တာတွေ လုပ်တယ်ဆိုတာ လုံးဝမဟုတ်ဘူး။ သူတို့ပြောစကားတွေကိုလည်း မယုံကြပါနဲ့။ အခု ကျနော်တို့ဆိုရင် ကောင်းကောင်းမွန်မွန်ထားသလို နေစရာ၊ ထိုင်စရာအပြင် စားစရာ ဆန် ဆီ ဟင်းချက်စရာကအစ လိုလေသေးမရှိ အကုန်ကူညီပေးတယ်” လို့ ပြောပါတယ်။
ကန်နီပျူရွာဟာ မြိုင်မြို့ရဲ့ မြောက်ဘက် ၆ မိုင်အကွာမှာ တည်ရှိပြီး အိမ်ခြေ ၈၀၀ နီးပါးခန့်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
ကန်နီပျူရွာမှာ ကျန်ရှိနေသေးတဲ့ ရွာသား ၃၀၀ ကျော်ကို စစ်ဗိုလ် အောင်ရဲကျော်နဲ့ ပျူခေါင်းဆောင် ကျော်ဆန်းဝင်းတို့က ရွာကနေ ထွက်ပြေးတဲ့သူတိုင်းကို ပစ်သတ်မယ်ဆိုတဲ့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။
အဆိုပါ ၉ ရက်ကြာ စစ်ဆင်ရေးကို ဗစ်တာ ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၂ Sniper၊ အညာမြေ ပြောက်ကျားတပ်ဖွဲ့ မြို့နယ်ပကဖ၊ လျှပ်စီး ပြောက်ကျား မြို့နယ်ပကဖအဖွဲ့တွေနဲ့ မဟာမိတ်တပ်ပါင်းစု ပူးတွဲလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။