
အစ္စရေး-အီရန် ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးတွေ ဆက်လက်မြင့်တက်နေသလို ရေနံပို့ဆောင်ရေးအတွက် ကမ္ဘာ့အရေးပါဆုံး ရေလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားက ပိတ်ဆို့သွားရင် ရေနံတစည်ကို ဒေါ်လာ ၁၀၀ အထိ ရောက်လာမှာကို စိုးရိမ်နေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အီရန်နဲ့ အိုမန်နိုင်ငံကြား ဟောမုဇ်ရေလက်ကြားကနေ တနေ့ကို ကမ္ဘာ့ရေနံသုံးစွဲမှုရဲ့ ၅ ပုံ ၁ ပုံလောက် ဖြတ်သန်းနေတာဖြစ်ပြီး ရေနံ၊ ဓာတ်ငွေ့ရည်နဲ့ လောင်စာဆီ ၁၈ သန်းကနေ ၁၉ သန်းအထိ ဖြတ်သန်းနေတဲ့နေရာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ပြီး ရေနံပို့ဆောင်မှုတွေ ပုံမှန်အတိုင်း ဖြတ်သန်းနေဆဲ ဖြစ်ပါတယ်။
ဇွန် ၁၅ ရက် ညပိုင်း နှစ်နိုင်ငံ ဆက်လက်တိုက်ခိုက်နေတာကြောင့် အာရှဈေးကွက်မှာ ၁၆ ရက်နေ့ မနက်ပိုင်း ရေနံစိမ်းဈေးဟာ တစည်ကို အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၉၃ အထိ မြင့်တက်သွားပါတယ်။
အမေရိကန် အနောက်တက္ကဆက် ရေနံစိမ်းဈေးကတော့ အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၆၀ မှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ အစ္စရေး စတင်တိုက်ခိုက်ကတည်းက ရေနံဈေးက ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက ပဋိပက္ခ ပြေလည်စေရေး ညှိနှိုင်းဖို့ ကြိုးစားနေကြပေမဲ့ အစ္စရေးက စစ်ဆင်ရေးဆက်လုပ်မယ် ပြောထားသလို အီရန်ကလည်း အစ္စရေးက တိုက်ခိုက်မှုခံနေရတဲ့အချိန် အပစ်ရပ်ရေး ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံများအဖွဲ့ (အိုပက်) အဖွဲ့ဝင် အီရန်ဟာ လက်ရှိမှာ တနှစ်ကို ရေနံစည် ၃ ဒသမ ၃ သန်း ထုတ်လုပ်နေပြီး ၂ သန်းကျော်ကို ပြည်ပတင်ပို့နေတာ ဖြစ်ပါတယ်။
အိုပက်အဖွဲ့ဝင်နိုင်ငံတွေနဲ့ မဟာမိတ် ရုရှားလို နိုင်ငံတွေရဲ့ အပိုထုတ်လုပ်နိုင်စွမ်းနဲ့ အီရန် ရေနံထွက်ရှိမှု လျော့ကျလာရင် ထေမိအောင် တိုးထုတ်နိုင်စွမ်း ရှိတယ်လို့တော့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
Source: Reuters