Home
နိုင်ငံတကာ
အစ္စရေးနှင့် အီရန်တို့ ပစ်ခတ်တိုက်ခတ်မှု ဆက်လုပ်နေ၊ အီရန် ယူရေနီယံသန့်စင်စက်ရုံ ပျက်စီး 
DVB
·
June 16, 2025
Photo: Reuters

အီရန်နိုင်ငံ နာတန်ဇ် နျူကလီးယားစက်ရုံရဲ့ မြေပြင်အထက်ပိုင်းရှိ သန့်စင်ရေးစက်ရုံကို ဖျက်ဆီးခံလိုက်ရတယ်လို့ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ IAEA ရဲ့ အကြီးအကဲ ရာဖယ်ဂရောက်ဇီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။

ဖိုးဒိုလောင်စာဖြည့်တင်းတဲ့စက်ရုံနဲ့ အစ္စဖာဟန်မှာ တိုက်ခိုက်ခံရတယ်လို့ အီရန်အာဏာပိုင်တွေက အကြောင်းကြားထားပါတယ်လို့လည်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အကြီးအကဲ ရာဖယ်ဂရောက်ဇီက အဖွဲ့ဝင် ၁၅ ယောက်ပါတဲ့ လုံခြုံရေးကောင်စီကို ပြောပါတယ်။

“အခုအချိန်မှာတော့ ဒီအဆောက်အအုံတွေ တဝိုက်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်နေတယ်ဆိုတဲ့ ညွှန်ပြမှုထက် လုံလောက်တဲ့ အချက်အလက်တွေ ကျနော်တို့မှာ မရှိသေးဘူး။” 

အီရန်ဟာ နာတန်ဇ်  စမ်းသပ်စက်ရုံမှာ လက်နက်အဆင့် ၉၀ ရာခိုင်နှုန်းနီးပါး သန့်စင်မှုကနေ ၆၀ ရာခိုင်နှုန်းအထိ သန့်တဲ့ ယူရေနီယံကို ဖြည့်တင်းပေးနေပါတယ်။

ဒါပေမဲ့ တောင်ပေါ်မှာ တူးဖော်ထားတဲ့ ဖိုးဒိုလောင်စာဖြည့်စက်ရုံ နေရာဟာ ပစ္စည်းတွေ ပိုထုတ်နိုင်ပြီး အစ္စရေးအတွက် ဗုံးကြဲတိုက်ခိုက်ဖို့ ခက်မယ်လို့ စစ်ဘက်ကျွမ်းကျင်သူတွေက ပြောပါတယ်။

နာတန်ဇ်စက်ရုံက လျှပ်စစ် အခြေခံအဆောက်အအုံလည်း ပျက်စီးခဲ့ပြီး ကက်စ်ကိတ်ခန်းမတခုဆီ ပို့တဲ့ လျှပ်စစ်ဓာတ်အား ဆုံးရှုံးလို့ အဲဒီနေရာမှာ အာရုံခံကိရိယာတွေ ပျက်စီးသွားနိုင်တယ်လို့ ဂရောက်ဇီက ပြောပါတယ်။

ဒါပေမဲ့ နာတန်ဇ် စက်ရုံပြင်ပမှာ ရေဒီယိုသတ္တိကြွမှုအဆင့်က မပြောင်းလဲဘဲ ပုံမှန်အတိုင်း ရှိနေတယ်လို့ သူက ပြောပါတယ်။

အစ္စရေးက အီရန်ရဲ့ နျူကလီးယား စက်ရုံတွေနဲ့ ဒုံးကျည်စက်ရုံတွေကို တိုက်ခိုက်ခဲ့ပြီး အီရန်အစိုးရရဲ့ အဏုမြူလက်နက် တည်ဆောက်မှုကို တားဆီးဖို့ ကာလကြာရှည် စစ်ဆင်ရေးအတွင်း စစ်ဘက်ဆိုင်ရာ တပ်မှူးတွေကို သေဆုံးစေခဲ့တယ်လို့ အစ္စရေးက သောကြာနေ့မှာ ပြောခဲ့ပါတယ်။

ရုရှားရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဗာဆေးလေး နေဘန်ဇီယာကတော့  အစ္စရေးရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ကုလသမဂ္ဂ ပဋိဉာဉ်နဲ့ နိုင်ငံတကာ ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာပဲလို့ ရုရှားသံအမတ်က ပြောပါတယ်။

“အစ္စရေးက ဒါတွေကို သူတို့လိုအပ်တယ်လို့ ယူဆတဲ့နည်းနဲ့ အီရန်မှာ နျူကလီးယားနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဗုံးကြဲဖို့ ဆုံးဖြတ်ခဲ့ပြီး ဥပဒေနဲ့ စံနှုန်းတွေကို ရှုတ်ချတဲ့နည်းနဲ့ ပြသခဲ့တယ်။”

နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုရေးရာဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး ရို့စ်မေရီဒီကာလိုကတော့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့” အားလုံးကို တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂ သံအမတ်ကြီး ဖှူခုံးကလည်း “အစ္စရေးကို စစ်ရေးစွန့်စားမှုအားလုံးကို ချက်ချင်းရပ်ပစ်ဖို့” တိုက်တွန်းခဲ့ပါတယ်။

ဗြိတိန်ရဲ့ ကုလသမဂ္ဂ သံအမတ်ကြီး ဘာဘရာ ဝဒ်ဝါ့ဒ်က တည်ငြိမ်မှုပြန်ရဖို့ သံတမန်ရေးရာ ကြိုးပမ်းမှုမှန်သမျှကို ထောက်ခံခဲ့ပါတယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပြီး တင်းမာမှုတွေကို အရှိန်လျှော့ချဖို့ နှစ်ဖက်စလုံးကို သူက တိုက်တွန်းထားပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က အစ္စရေးကို  နောက်တကျော့ စပြီး တိုက်ခိုက်နေချိန်မှာ ဂျော်ဒန် လေပိုင်နက်ထဲကို ဇွန် ၁၄ ရက် နှောင်းပိုင်းမှာ ဒုံးကျည်တွေ ပျံသန်းလာတာကို မြင်တွေ့ခဲ့ရပါတယ်။

အစ္စရေးနဲ့ အီရန်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း ဂျော်ဒန်နိုင်ငံမှာ လေကြောင်း တိုက်ခိုက်မှုဆိုင်ရာ ဥသြသံတွေ စထွက်လာပါတယ်။

တရုတ်အစိုးရရုပ်သံ CCTV က ထုတ်လွှင့်တဲ့ သီးသန့်ဗီဒီယိုဖိုင်ထဲမှာ အီရန်ဒုံးကျည် အများအပြားကို ဂျော်ဒန်နိုင်ငံမြို့တော် အမန်ရဲ့အထက် ကောင်းကင်ယံမှာ မြင်တွေ့ရပြီး ဒုံးကျည်အတော်များများ ကြားဖြတ်ပစ်ချခံရတာကို တွေ့ရပါတယ်။

ဂျော်ဒန်ဟာ ဘယ်သူတဦးတယောက်အတွက်မျှ စစ်မြေပြင်မဟုတ်ဘဲ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ နိုင်ငံသားတွေ ဘေးကင်းရေးကို စွမ်းဆောင်နိုင်သမျှ ခြိမ်းခြောက်မှုမှန်သမျှကို ရင်ဆိုင်မယ်လို့ ဂျော်ဒန်အစိုးရက အကြိမ်ကြိမ် အလေးပေး ပြောဆိုခဲ့ပါတယ်။

အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ဟာ စနေနေ့ညနှောင်းပိုင်းမှာ အစ္စရေးနိုင်ငံကို ဒုံးကျည်တွေ၊ ဒရုန်းတွေ အများကြီးပါတဲ့ အကြီးစား ပေါင်းစပ်ထိုးစစ်ကို စတင်ခဲ့တယ်လို့ IRGC က တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး ဆေပါနယူးစ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

IRGC ရဲ့ လေကြောင်းဆိုင်ရာဌာနခွဲက တိုက်ခိုက်ခဲ့ပြီး အီရန်အပေါ် အစ္စရေးရဲ့ “အကြိမ်ကြိမ် ရန်စမှုတွေကို တုံ့ပြန်တာ” လို့ ဆေပါက ပြောပါတယ်။

နောက်ဆုံးတိုက်ခိုက်မှုတွေ အပြီးမှာ အစ္စရေးရဲ့ မူလ တပ်ဦးကွပ်ကဲမှုဌာနက ဟိုင်ဖာနဲ့ မြောက်ပိုင်းဒေသ အပြင်ဘက်မှာ နေထိုင်သူတွေ ပုန်းခိုစခန်းတွေကနေ ထွက်သွားနိုင်ပေမဲ့ အကာအကွယ်နယ်မြေတွေနဲ့ နီးနီးကပ်ကပ် နေသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

အစ္စရေးလေတပ်က သူ့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဝင်လာတဲ့ ဒုံးကျည်တွေကို တက်တက်ကြွကြွ ကြားဖြတ်ဟန့်တားနေတယ်လို့ ပြောလိုက်ပြီး တီဟီရန်မြို့တော်က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေပါတယ်။

အစ္စရေးက အီရန်အပေါ် ဆက်ပြီးတိုက်ခိုက်နေသရွေ့ အီရန်အစိုးရက အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ခီယံက ဇွန် ၁၄ ရက်မှာ ပြောပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ ဖုန်းပြောချိန်မှာ အီရန်သမ္မတက အီရန်ဟာ ဆင်ခြင်တုံတရားမဲ့ တောင်းဆိုမှုတွေ၊ ဖိအားတွေအောက်မှာ စံနှုန်းနှစ်ရပ်ကို လက်ခံမှာမဟုတ်ဘဲ အစ္စရေးက ဆက်တိုက်ခိုက်နေချိန်မှာ စေ့စပ်ရေးစားပွဲမှာ ထိုင်နေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

တယ်လီဖုန်းပြောဆိုရာမှာ အီရန် နျူကလီးယား မေးခွန်းကို ဆွေးနွေးပွဲ စကားဝိုင်းကနေ ညှိနှိုင်းဖြေရှင်းရမယ်လို့ မက်ခရွန်က ပြောခဲ့တဲ့အကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြင်သစ်သမ္မတက အီရန်သမ္မတကို စေ့စပ်ညှိနှိုင်းရေး စားပွဲဆီ အမြန်ပြန်လာဖို့ ဖိတ်ကြားခဲ့ပြီး တင်းမာမှု တိုးလာတာကို ရှောင်ရှားဖို့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သောကြာနေ့အစောပိုင်းမှာ အစ္စရေးက အီရန် နျူကလီးယားစက်ရုံတွေ၊ အကြီးတန်း စစ်ခေါင်းဆောင်တွေနဲ့ သုတေသနပညာရှင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနေ့ နှောင်းပိုင်းမှာပဲ အီရန်က အိုမန်နိုင်ငံ၊ မတ်စ်ကတ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အမေရိကန်နဲ့ ၆ ကြိမ်မြောက် ဆွေးနွေးပွဲကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024