
အပျံသင်ခါစ ဆယ်ကျော်သက်အရွယ်ကစလို့ တိုင်းပြည်ပြင်ပမှာ အခြေချခဲ့ရပြီး လူငယ်ဘဝ နှစ်ပေါင်း ရှည်ကြာ အနောက်တိုင်းယဉ်ကျေးမှုမြေမှာ ကြီးပြင်းခဲ့ပေမဲ့ မြန်မာမှု၊ မြန်မာဟန်၊ မြန်မာမာန်၊ တရွေးသားမျှ လျော့မကျသွားခြင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကြီးတဲ့ အမှတ်လက္ခဏာပင်။
အရှေ့တောင်အာရှရဲ့ လမ်းဆုံလမ်းခွမှာ နိုင်ငံကသေးသေး၊ ပဋိပက္ခတွေက ၁၀ ကမ္ဘာ၊ စစ်အာဏာရှင်တွေ ဗိုလ်ကျနေတဲ့ ဒီမြေမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးက မီးဟုန်းဟုန်း တောက်လာတော့ မေ့နေတာကြာပြီဖြစ်တဲ့ မြန်မာကို ကမ္ဘာက ခေါင်းထောင်ကြည့်ခဲ့ရတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့အတူ အကြမ်းမဖက်သောနိုင်ငံရေးလမ်းနဲ့ မြန်မာပြည်သူတို့ရှေ့ အောင်ဆန်းစုကြည်ဆိုတဲ့ ဒီမိုကရေစီကြယ်တပွင့် အသစ်ထွန်းလာတော့ ကမ္ဘာကြီးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာရာလမ်းကို သုတေသီတွေ တကုပ်ကုပ်နဲ့ ရှာဖွေဖော်ထုတ် အလုပ်ရှုပ်တော့တယ်။ အပုပ်ချနိုင်ငံရေးနည်းကို တဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ မြန်မာစစ်အာဏာရှင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူငယ်ဘဝ အစွန်းအထင်းတွေ ဘာရှိမလဲလို့ အင်္ဂလန်နဲ့ အမေရိကန်အထိ မြေလှန်။ ဒေါ်အောင်ဆန်းစုကြည် တို့ခေတ် မြန်မာအမျိုးသမီးတို့ရဲ့ ဗိုင်းကောင်းကျောက်ပိ အနေအထိုင်ကိုသာ တွေ့ရှိခဲ့တာကြောင့် လက်မှိုင်ချခဲ့ရ။
အွန်လိုင်းယဉ်ကျေးမှုကြီးက သိပ်အားကောင်းလာတော့ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ဘဝကစလို့ အတိတ်ဘဝပုံရိပ်တွေကို စုစည်းပေးခဲ့တယ်။ အံ့အားသင့်စရာ အနောက်ကမ္ဘာမှာ ကြီးပြင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိတ်ပုံရိပ်တွေမှာ ဘောင်းဘီရှည်ဝတ်ထားတဲ့ပုံတောင် ရှားရှားပါးပါး။ မြန်မာရင်ဖုံး ခါးတိုနဲ့ ထဘီတွေချည်းသာ မြင်ရ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမှု မြန်မာဟန် အတွဲအစပ်၊ လုပ်ယူလို့မရတဲ့ မြတ်နိုးမှု။ ဘယ်တော့မဆို ရင်ဖုံးနဲ့ ထမီနဲ့ချည်း မြင်ရတာဟာ အနောက်ကမ္ဘာမှာ ကျင်လည်ခဲ့တဲ့ ရှေးသရောအခါကတည်းက ဖြစ်ကြောင်း အတိတ်ဘဝ ပုံရိပ်တွေက သက်သေထူခဲ့တယ်။ လူထုခေါင်းဆောင်အဖြစ်သို့ ရောက်ရှိလာတော့လည်း အရင်အတိုင်း မပြောင်းလဲ၊ စွဲမြဲခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်ဟန်။ လွှတ်တော်အမတ် ဖြစ်တော့လည်း ဒီအတိုင်း။ ပြည်သူ အပ်နှင်းခဲ့တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်တော့လည်း မူလ လက်ဟောင်း။
နိုင်ငံ့ခေါင်းဆောင်အဖြစ်နဲ့ ကမ္ဘာအနှံ့၊ နိုင်ငံအနှံ့ ကော်ဇောနီခင်းထားတဲ့ လမ်းပေါ် လျှောက်လှမ်းနိုင်တော့လည်း ရင်ဖုံးနဲ့ ထဘီကိုသာ မြတ်မြတ်နိုးနိုး။ အဲဒီမြတ်နိုးမှုအဟုန်နဲ့ ကျမဟာ မြန်မာအမျိုးသမီး တဦးပါဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ကမ္ဘာပတ်ခဲ့လို့ပဲ မြန်မာဗေဒ ရင်ဖုံးနဲ့ ထဘီဟာ ဒေါ်အောင်ဆန်းစုကြည် ဖက်ရှင်အဖြစ် ထင်ရှားလာတယ်။ ဂလိုဘယ်လှိုင်းကြီး ပျော်ပျော်စီးကာ ဂလိုဘယ်ဂျင်းနဲ့ စကတ်အတို၊ အပြတ်တွေထဲ ဝင့်ကြွားပျော်ဝင်နေတဲ့ မြန်မာအမျိုးသမီးငယ်တွေတောင် ရင်ဖုံးနဲ့ ထဘီကို ပြန်တပ်မက်။ ရိုးရာနဲ့ ဒီနေ့ခေတ်အမြင် လှနေအောင် ရောဖွဲ့ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဖက်ရှင်ဟာ ဂလိုဘယ်ခေတ်ကြီးက ဂလိုဘယ် မြန်မာမလေးတွေကြား အသစ်ပြန်ထွန်းလာတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရင်ဖုံးနဲ့ ထဘီ မြန်မာထည်ကိုသာ ချစ်သလားဆိုတော့ ဘယ်ဟုတ်မလဲ။ မြန်မာဆိုတာ သူ့ဘဝရွေးချယ်မှု။ မြန်မာမှု မှန်သမျှကို ဂုဏ်ယူစွာ မြတ်နိုးခဲ့တာချည်း။ အောက်စဖို့ဒ်တက္ကသိုလ်ဆင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလိပ်စာကို အဆင်မြင့်မြင့် ကျွမ်းကျင်ပြီး (ကျနော့်ရဲ့ တဦးတည်းအမြင်အရ) သူ့ရဲ့အင်္ဂလိပ်လိုမိန့်ခွန်းတွေဟာ ဌာန်ကရိုဏ်းကျကျနဲ့ နားထောင်လို့သိပ်ကောင်းတဲ့အထိ မိခင်ဘာသာစကားပမာ ပိုင်နိုင်ပေမဲ့ မြန်မာလို ပြောတဲ့အခါ အင်္ဂလိပ်လို ညှပ်သုံးရိုး ထုံးစံမရှိ။ မြန်မာစကားကို တင်းပြည့်ကျပ်ပြည့် ဒေါင်ဒေါင်မြည် ပီပီသသ။
တခါက အနောက်အုပ်စုသွားခရီးစဉ်တခုမှာ မြန်မာလို သိပ်မပြောနိုင်တော့တဲ့ မြန်မာလူမျိုး သတင်းထောက်မလေးက အင်တာဗျူးတော့ မြန်မာမှန်း သိတာနဲ့ မြန်မာလိုမေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတယ်။ ပြီးတော့ ကိုယ်ရောက်နေတဲ့ တိုင်းပြည်ရဲ့ ဘာသာစကားကို ကျွမ်းကျင်ဖို့လိုပေမဲ့ မိခင်ဘာသာစကားကိုလည်း မမေ့ဖို့ အရေးကြီးကြောင်း ပြောတယ်။
ဘယ်ကမ္ဘာရောက်ရောက်၊ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် အမိမြေကို မမေ့ဖို့၊ ကိုယ့်တိုင်းပြည် ကိုယ်တတ်နိုင်သလောက် အထောက်အပံ့ပြုဖို့၊ ကိုယ့်ဘာသာစကားကိုလည်း ကိုယ့်နှလုံးသားနဲ့ ကိုယ့်လျှာပေါ်မှာ ကျစ်ကျစ်ပါ ဆုပ်ထားဖို့။ ပြီးတော့ ကိုယ့်တိုင်းပြည်ထွက် အစားအစာ။ နိုင်ငံတိုင်းမှာ ဒေသခံပြည်သူတွေ အလေးထားစားကြတဲ့ အစားအစာတွေရှိကြပြီး အဲဒီအစားအစာတိုင်းဟာ ခမ်းနားလှတဲ့ သမိုင်းကြောင်းကိုယ်စီနဲ့ ယဉ်ကျေးမှုအသွေးအရောင်တွေ စိမ့်ဝင်နေတာချည်းမို့ နိုင်ငံ့ဦးခန်းထက်တင်ကာ ကျွေးလည်း ကျွေး၊ ကြွားလည်း ကြွား နင့်နေအောင် ဂုဏ်ယူကြတယ် မဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်ဖြစ်ပြီး ဘယ်ကြာလိုက်မလဲ။ မြန်မာနိုင်ငံဆီ အလည်လာတဲ့ တခြားတိုင်းပြည်က ခေါင်းဆောင်တွေကို တည်းခင်းတဲ့ ဟင်းလျာတွေက မြန်မာတခွင် ဒေသအလိုက် ကျော်ကြားတဲ့ မြန်မာကိုယ်စားပြု ယဉ်ကျေးမှု ဟင်းလျာတွေချည်း ဖြစ်လာတယ်။
သန်းရွှေခန့် သိန်းစိန်အစိုးရနဲ့ အရင့်အရင် အာဏာရှင်တွေလက်ထက်က နိုင်ငံတော်အဆင့် ဧည့်သည်တွေကို အခုလို တည်းခင်းတာမျိုး မကြားခဲ့ဖူးတာကြောင့်လည်း ပါမယ်ထင်ရဲ့။ NLD အစိုးရလက်ထက် နိုင်ငံတော်အဆင့် တည်ခင်းတဲ့ ဟင်းလျာစာရင်းတွေကို အဲဒီကာလ သတင်းစာတွေမှာ မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြကြတဲ့အထိ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်ရဲ့ ‘သူမတူအကျဉ်းသား’ စာအုပ်ထွက်ရှိလာတော့ အဲဒီစာအုပ်ထဲမှာ မစ္စတာရှောင်တာနယ်ရဲ့ ပြောပြချက်။ ဒေါ်အောင်ဆန်းစုကြည်နဲ့သူ နှစ်ပတ် တစ်ခါ ပုံမှန်အစည်းအဝေးလုပ်လေ့ရှိပြီး အစည်းအဝေးပြီးရင် မြန်မာအစားအစာနဲ့ ဧည့်ခံလေ့ရှိကြောင်းနဲ့ မြန်မာ့အစားအစာအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်မှန်းချက်အကြောင်း အခုလို ဆိုတယ်။
“ဒီအစည်းအဝေးတွေအပြီးမှာတော့ မြန်မာအစားအစာနဲ့ တည်းခင်းဧည့်ခံလေ့ရှိတယ်။ သူက မြန်မာ အစားအစာကို မြန်မာပြည်ရဲ့ နောက်ဆုံးထုတ်ကုန်တခုအဖြစ် ကမ္ဘာကို ဖြန့်ချင်တဲ့ ဆန္ဒရှိတယ်။ ဒီတော့ မြန်မာစားသောက်ကုန်လုပ်ငန်းရှင်တွေ စမ်းသပ် ချက်ပြုတ်ထားသမျှကို ကျနော့်ကို ချကျွေးလေ့ရှိတယ်။ ကျနော်ကလည်း နိုင်ငံတကာပရိသတ် အစမ်းသပ်ခံအဖြစ် ကျွေးသမျှကို ကျေကျေနပ်နပ် စားတာပါပဲ”လို့ မစ္စတာရှောင် တာနယ်က ဆိုတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျှော်မှန်းချက်က နိုင်ငံခြားသားတွေရဲ့ ခံတွင်းထဲ မြန်မာအစားအစာကို အရသာခံနိုင်ရေး။ ဒါ့ကြောင့် မြန်မာမှုအခြေပြု ဆန်းသစ်တီထွင်ချက်တွေနဲ့ အဲဒီကနေတဆင့် မြန်မာ့အစားအစာ ကမ္ဘာ့ဈေးကွက်မှာ ထည်ဝါလာစေရေးအထိ။
မြန်မာကို ကမ္ဘာက သိစေဖို့ မြန်မာအမျိုးသမီးတဦးရဲ့ အိပ်မက်က အဲဒီလို။ မြန်မာဟာ ခေတ်မီမီ မြန်မာဆန်ပြီး အဲဒီမြန်မာကို ကမ္ဘာက သိစေဖို့ သူ့ဘဝတခုလုံး ဒီတိုင်းပြည်ထဲမှာ ပုံအောလို့ ချစ်ခဲ့တယ်။ အခု အသက် ၈၀ အရွယ်။ စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်၊ ကြံ့ကြံ့ခံမြဲ။ အသက် ၈၀ ဆိုပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လာမှာကလည်း သိပ်သေချာတယ်။
မြန်မာအမျိုးသမီးတွေရဲ့ အားမာန်၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ အိပ်မက်တွေအကြောင်း ကမ္ဘာကြီးကို ဒေါ်အောင်ဆန်းစုကြည် ဆက်ပြောပြပါဦးမယ်။
လင်းဆက်ငြိမ်းချမ်း