
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဇွန် ၁၄ ရက်နေ့ ညပိုင်းက ဆေးခန်းလာပြတဲ့ကားတစီးနဲ့ နောက်ကားတစီးတိုက်မိလို့ ဆေးခန်းလာပြသူတွေထဲက ၂ ယောက် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ည ၈ နာရီခွဲက အမှတ် ၃ ရပ်ကွက် မင်းလမ်းနဲ့စျေးလမ်းထောင့်မှာ ပန်းတနော်မြို့ကနေ မအူပင်မြို့ကို ဆေးခန်းလာပြတဲ့ လိုက်ထရပ်ကားနဲ့ မအူပင်မြို့က ဖို့ဒ်ကားတို့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။
မအူပင်မြို့ခံတယောက်က “ဆေးခန်းလာပြတဲ့ကားနဲ့ မြို့ပေါ်က ကား တိုက်မိတာ။ ဆေးခန်းလာပြတဲ့ယာဉ်ပေါ် ပါလာတဲ့သူတွေ ဒဏ်ရာတွေရသွားတာ။ ဆေးရုံပို့တဲ့အချိန်မှာတော့ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးသွားတာ” လို့ ပြောပါတယ်။
မိုးရွာနေတဲ့အချိန်မှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တာဖြစ်ပြီး ပန်းတနော်မြို့က ကားပေါ်မှာပါလာသူ ၇ ယောက် ဒဏ်ရရခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို မအူပင်မြို့က အနှိုင်းမဲ့မေတ္တာလူမှုကူညီရေးအသင်းနဲ့ အလင်္ကာ လူမှုကူညီရေးအသင်းတို့က မအူပင်မြို့ ပြည်သူ့ဆေးရုံကြီးဆီကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။