ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၇ နားမှာ ဇွန် ၁၅ ရက် ဒီမနက် ၅ နာရီဝန်းကျင်က ကုန်တင်ကား ၂ စီးတိုက်မိပြီး ယာဉ်မောင်းတယောက် သေဆုံးသွားတယ်လို့ မြေပြင်ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
မိုင်တိုင်အမှတ် ၁၉၇/၀ နဲ့ ၁၉၇/၁ ကြားမှာ ရှေ့ကကုန်တင်ကားကို အနောက်ကနေလိုက်ပါလာတဲ့ ကုန်တင်ကားက ဝင်တိုက်တာကြောင့် ယာဉ်မောင်းအမျိုးသားတယောက်သေဆုံးပြီး နောက်တယောက် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
မြေပြင်ကူညီ ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတယောက်က “ဟုတ်ပါတယ်။ အမြန်လမ်းပေါ်မှာ ဖြစ်တာပါ။ ၆ ဘီးကုန်တင်ယာဉ် တစီးကို နောက်ထပ် ၆ ဘီးယာဉ် Box ကားက အနောက်ကနေ ဝင်တိုက်ခဲ့တာ။ ယာဉ်တိုက်မှုကြောင့် ၆ ဘီး Box ကား ယာဉ်မောင်းသေဆုံးသွားတာ။ ကားခေါင်းထဲညပ်ပြီးဆုံးသွားတာ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်တဲ့နေရာကို ပလွေး အမြန်လမ်းမီးသတ်စခန်းကတပ်ဖွဲ့ဝင်တွေ ကယ်ဆယ်ရေး သွားရောက်ပေးခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။