
ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသမှာ အခု ဇွန်လထဲ မိုးတွေဆက်တိုက်ရွာပြီး အင်းရေတက်လာတာကြောင့် စိုက်ပျိုးထားတဲ့ စပါးတွေနဲ့ သီးနှံတွေ ထိခိုက်ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငလျင်ဒဏ်ကိုလည်း ဆိုးဆိုးရွားရွားခံထားရလို့ အိုးအိမ်တွေထိခိုက်ပျက်စီးခဲ့တဲ့ အင်းလေးမှာ ဇွန် ၁၀ ရက်လောက်ကစပြီး ရေတက်လာတာကြောင့် ချေးငှားပြီးစိုက်ပျိုးထားတဲ့ သီးနှံနဲ့လယ်တွေလည်း မရိတ်သိမ်းရသေးဘဲ ရေမြုပ်ကုန်တာဖြစ်ပါတယ်။
ရွာခံတယောက်က “အတိုးနဲ့ချေးငွေယူပြီး ရင်းထားသမျှ မရိတ်သိမ်းရသေးဘဲ ရေမြုပ်သွားပြီ။ ရေတက်တာ ခြံတွေရော၊ လယ်တွေရော အကုန်ရေမြုပ်ကုန်တယ်။ ဒီနေ့လည်း ရေတက်နေတာ ၄ လက်မ ကျော်ပြီ။ လယ်တွေက မရိတ်ရသေးဘူး၊ စပါးတွေက စိမ်းနေတာ၊ မမှည့်သေးဘူး။ ခုတခါရေကြီးတာ ပျက်စီးဆုံးရှုံးမှုပိုများတယ်။ မနှစ်က ရေကြီးတာက လယ်တွေအကုန်သိမ်းပြီးမှ ရေကြီးတာ၊ အင်းလေးက တမျိုးပြီးတမျိုးပဲ ကြုံနေရတယ်” လို့ ပြောပါတယ်။
မနှစ်ကလည်း အင်းထဲမှာ သြဂုတ်လလောက်မှ ရေကြီးတာကြောင့် စပါးနဲ့ သီးနှံစိုက်ခင်းတွေ ရိတ်သိမ်းချိန်ရလိုက်ပေမယ့် ဒီနှစ်ကတော့ ဇွန်လမှာကတည်းက ရေကြီးနေတာပါ။
အချိန်မတိုင်သေးခင် မိုးဆက်တိုက်ရွာပြီး ရေတက်နှုန်းမြန်တာကြောင့် စိုက်ပျိုးထားတဲ့ စပါး၊ မြေပဲ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ခရမ်းသီးစိုက်ခင်းတွေ ရေမြုပ်ကုန်ပြီး ချေးငှား စိုက်ပျိုးရတဲ့စိုက်ခင်းတွေ ထိခိုက်ပျက်စီးရတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။
အင်းလေး ဒေသခံတယောက်က “အခု မိုးဦးကာလမှာတောင် ရေဒီလောက်မြုပ်နေရင် မိုးနှောင်းဆို မတွေးရဲစရာပဲ။ တောင်ကြီးအောက်ဘက်နဲ့ အင်းထဲက စိုက်ပျိုးမြေ ၈၀ ရာခိုင်နှုန်းလောက်က ရေမြုပ်ကုန်တော့ စပါးတွေ၊ ရာသီပေါ်သီးနှံတွေပျက်စီးပြီး ထွက်နှုန်းတော့ကျမှာ အသေချာပဲ။ ရာသီဥတုတွေ ဖောက်ပြန်တာတွလေည်းပါတယ်။ လူတွေ စည်းကမ်းမရှိတာ၊ အုပ်ချုပ်တဲ့ မအလတွေ စီမံမှုညံ့ဖျင်းတာ အားလုံးပေါင်းလိုက်တော့ နောက်ဆို တို့နယ်ကလူတွေ ကုန်းကောက်စရာတောင် ကျန်ပါ့မလားမသိဘူး” လို့ ပြောပါတယ်။
စပါးခင်းတဧကကို စရိတ်စက ငွေ ၁၀ သိန်းလောက်ကုန်ကျပြီး မြေပဲနဲ့ ငရုတ်စိုက်ခင်း တဧကကို ၆ သိန်း၊ ခရမ်းသီး တဧကကို ၁၀ သိန်း၊ ခရမ်းချဉ်သီး တဧကကို ၁၅ သိန်းလောက်ထိ ကုန်ကျသလို ငလျင်လှုပ်ခတ်ပြီးချိန်မှာ အလုပ်သမားငှားခ တက်တာ၊ ကုန်ဈေးနှုန်းတက်တာတွေလည်း ရှိနေတာပါ။
အင်းလေးကဒေသခံတွေဟာ လယ်လုပ်တာ၊ ခြံစိုက်တာ၊ အင်းနားနီးတဲ့ရွာတွေမှာ ငါးမျှားတာ စတာတွေလုပ်ကိုင်ကြပြီး ငလျင်ကြောင့် အိုးအိမ်အများကြီးပျက်စီးထားရချိန်မှာ အခုလို ရေတက်လို့ စိုက်ပျိုးရေးမှာလည်း အခက်ကြုံနေကြရတာပါ။