
လာမယ့်တပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်တာနဲ့ မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုးဆက်ရွာနိုင်တာကြောင့် ရေကြီးရေလျှံတာ၊ ဆည်ရေလွှတ်တာ၊ ဆည်ကျိုးတာတို့ကို ကြိုတင် သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က ဇွန် ၁၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
မိုးလေဝသအခြေအနေ အထူးသတိပေးချက်အဖြစ် ထုတ်ပြန်လာတာဖြစ်ပြီး နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ ခန့်မှန်းချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းနေတယ်လို့ ဆိုပါတယ်။
အထူးသတိပေးချက်အနေနဲ့ လာမယ့်တပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်တာနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မိုးဆက်ရွာနိုင်တာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံတာ၊ လျှပ်တပြက်ရေလွှမ်းမိုးတာ၊ ကမ်းပါးပြိုတာနဲ့ မြေပြိုတဲ့အန္တရာယ်တွေကို အထူးသတိပြုဖို့ ထုတ်ပြန်ပါတယ်။
ကမ်းပါးတလျှောက် မြို့ရွာတွေ၊ ဆည်နဲ့ ရေလှောင်တမံတွေနားက မြို့ရွာတွေအနေနဲ့ မိုးလေဝသ သတင်းတွေကို အထူးသတိပြု နားထောင်ပြီး ရေကြီးရေလျှံအန္တရာယ်နဲ့ ဆည်ရေလွှတ်တာ၊ ဆည်ကျိုးတာကြောင့် ရုတ်တရက် ရေလွှမ်းမိုးမှုဘေးတွေကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ကြဖို့လည်း အသိပေးထားပါတယ်။
MOHADM ရဲ့ တာဝန်ရှိသူတယောက်က “ငလျင်ကြောင့် ဆည်တွေရဲ့ ကြံ့ခိုင်မှုအနေအထားကို စကစ ဘက်က စနစ်တကျ စစ်ဆေးထုတ်ပြန်တာမျိုးတွေ မတွေ့ရပါဘူး။ အနည်းနဲ့အများ ငလျင်ဘေးသင့်ဒေသတွေက ဆည်တွေပေါ် သက်ရောက်မှုတွေ ရှိတာကြောင့် ဒီနှစ်မှာ မြစ်ချောင်းတွေက ရေကြီးတာအပြင် ဆည်တွေကြောင့် နောက်ဆက်တွဲရေကြီးမှုတွေကို ပိုပြီး သတိပြုဖို့ လိုပါတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းက သဖန်းဆိပ် ရေလှောင်တမံမှာတော့ ဇွန် ၁၃ ရက် ဒီနေ့မှာ မိုးရေချိန် ၀ ဒသမ ၂၃ လက်မ၊ လက်ရှိရေမှတ်က ၅၂၉ ဒသမ ၄၂ ပေရှိပြီး ကန်ရေပြည့်ရေမှတ်က ၅၄၅ ပေ ဖြစ်ပါတယ်။
မုန်တိုင်းဆဲလ် ပါဝင်တဲ့ လေစီးကြောင်းတွေကြောင့် လာမယ့် ဇွန် ၂၂ ရက်လောက်မှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၊ မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်တယ်လို့လည်း MOHADM က ခန့်မှန်းထားပါတယ်။