
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချနေသူတွေကို ဇူလိုင် ၃ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးရောင်းချနေသူတွေနဲ့အတူ WY ဆေးပြားတွေနဲ့ ဆက်စပ်ပစ္စည်းတွေအပြင် သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ခင်ဦးမြို့နယ် ပလဖ) ဆီကနေ သိရပါတယ်။
ခင်ဦးမြို့နယ် ပလဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “တယ်ဘိုပင်ရွာမှာ WY ဆေးပြားတွေ ရောင်းချနေတယ်ဆိုတာ သတင်းရလို့ မြို့နယ် ပလဖ အဖွဲ့ဝင်တွေ၊ မြို့မစခန်းနဲ့ တောင်ခြမ်းစခန်းက ပလဖ အဖွဲ့ဝင်တွေပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးခဲ့တဲ့အခါမှာ အဲဒီရွာထဲက Star Link အင်တာနက်ဆိုင်တဆိုင်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေသူ အမျိုးသား ၄ ယောက်နဲ့အတူ WY ဆေးပြား အပြား ၁,၀၀၀ နီးပါးနဲ့ ဆက်စပ်ပစ္စည်းတွေအပြင် ကာဘိုင်သေနတ် ၁ လက်တို့ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိသူတွေဟာ ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာနေ ဇော်မိုး၊ ရွှေဘိုမြို့၊ အောင်ဇေယျရပ်ကွက်နေ နေဝင်းအောင် (ခ) စိုးပေ၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာ နေထိုင်ကြတဲ့ ပေါက်စ နဲ့ ထက်ဝေအောင် (ခ) ရာရာ တို့ဖြစ်ကြပြီး ၎င်းတို့ကို တမာတန်းရဲစခန်းမှာ (ပ) ၁/၂၀၂၅ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့လည်း ဆိုပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တာဝန်ခံ ဦးအင်တာ က “သူတို့ကိုတော့ တည်ဆဲဥပဒေတွေဖြစ်တဲ့ မူးယစ်ဆေးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က)/ ၂၀(က)/၂၁/၂၂ (ခ) တို့နဲ့ တမာတန်းရဲစခန်းမှာ အမှုဖွင့်ထားတယ်” လို့ DVB ကို ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူတွေနဲ့ သုံးစွဲသူတွေကို ဆက်လက် ဖော်ထုတ်ဖမ်းဆီးပြီး အရေးယူသွားမယ်လို့လည်း ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။