Home
မြန်မာသတင်း
အိန္ဒိယအစိုးရက UNHCR မှရရှိသည့် အချက်အလက်များဖြင့် မြန်မာ ၂၆၀ ကျော်ကို ဖမ်းဆီးဟု အရပ်ဖက်အဖွဲ့များ ထုတ်ပြန် 
DVB
·
July 4, 2025

အိန္ဒိယအစိုးရဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR India) ဆီက ရရှိတဲ့ အချက်အလက်တွေနဲ့ မြန်မာနိုင်ငံသား ၂၆၀ ကျော်ကို နိုင်ငံခြားသားဥပဒေနဲ့ ဖမ်းဆီးထားတယ်လို့ အရပ်ဘက်အဖွဲ့ ၁၄၁ ဖွဲ့က ဇူလိုင် ၄ ရက်က ထုတ်ပြန်ပါတယ်။

အဆိုးရွားဆုံးက လူပေါင်း ၁၃၄ ယောက်ကို ဖမ်းဆီးပြီး မြန်မာစစ်ကောင်စီထံကို ပြန်ပို့ခဲ့တာဖြစ်ပြီး ပြန်ပို့ခံရသူတွေထဲက ၃၄ ယောက်ဟာ စစ်ကောင်စီထံမှာ ဆက်လက်ဖမ်းဆီးခံထားရကာ ၁၂၅ ယောက်က နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းတွေမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့တွေက ဆိုပါတယ်။

UNHCR India ရုံးဟာ ဒုက္ခသည်တွေရဲ့ လျှို့ဝှက်ရမယ့် ကိုယ်ရေးအချက်အလက်တွေကို လုံလောက်တဲ့ အကာအကွယ်မရှိဘဲ အိန္ဒိယ အစိုးရဆီကို လွှဲပြောင်းပေးခဲ့ပြီး အဲဒီလုပ်ရပ်ဟာ ဒုက္ခသည်တွေရဲ့ အန္တရာယ်နဲ့ လုံခြုံရေးတွေကို ဆိုးရွားစွာ ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရက ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၂၆၁ ယောက်ထဲက အမျိုးသမီး ၆ ယောက်ဟာ အကျဉ်းထောင်တွင်းမှာ ကလေးမွေးခဲ့ရပြီး အမျိုးသား ၂ ယောက်က အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ပါတယ်။

၂၀၂၅ မေ ၆ ရက်မှာလည်း ရိုဟင်ဂျာဒုက္ခသည် အယောက် ၄၀ ကို အိန္ဒိယအစိုးရက နေအိမ်တွေထဲအထိ ဝင်ဖမ်းပြီး မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံကို ခိုလှုံဖို့ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်ဟာ UNHCR India ရုံးမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ပြီး အကာအကွယ်တောင်းခံခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့ထဲမှာ မြန်မာစစ်ကောင်စီရဲ့ ပစ်မှတ်ထားခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ တခြားလုံခြုံရေးအထူးလိုအပ်သူတွေ အများအပြားပါဝင်တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်နေ့ကစလို့ UNHCR India ရဲ့အချက်အလက်တွေကို အခြေခံပြီး အိန္ဒိယအာဏာပိုင်တွေဟာ မြန်မာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနေထိုင်ရာအိမ်တွေကို အကြောင်းမဲ့ ဝင်ရောက်စစ်ဆေးတာ၊ နိုင်ငံခြားသားမှတ်ပုံတင်ရုံး (FRRO) ဆီကို မဖြစ်မနေလာရောက်ဖို့ဆင့်ခေါ်တာ၊ နယူးဒေလီမြို့ပြင်ကိုမထွက်ဖို့နဲ့ နေအိမ်မပြောင်းရွှေ့ဖို့တားမြစ်တာတွေလုပ်နေတာကြောင့် မြန်မာနိုင်ငံမှာမလုံခြုံလို့ UNHCR India ရဲ့အကာအကွယ်ကို ယုံယုံကြည်ကြည်တောင်းခံခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေအတွက် စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုဖြစ်စေပြီး လုံခြုံရေးကို အကြီးအကျယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ဒီလို ရင်ဆိုင်နေရတဲ့ဒုက္ခသည်တွေက UNHCR India ရုံးနဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Socio-Legal Information Centre (SLIC) ဆီကို အီးမေးလ်တွေ၊ ဖုန်းခေါ်တာတွေနဲ့ အကြိမ်ကြိမ် အကူအညီ တောင်းခံခဲ့ပေမယ့် ဘယ်လို တုံ့ပြန်မှု၊ အကူအညီနဲ့ အကာအကွယ်ကိုမှမရခဲ့ဘူးလို့ ဆိုပါတယ်။
ဒီလုပ်ရပ်တွေဟာ ဒုက္ခသည်များဆိုင်ရာကွန်ဗင်းရှင်းတွေနဲ့ UNHCR ရဲ့ ကိုယ်ပိုင် ကျင့်ဝတ်စည်းမျဉ်းတွေကို ဆိုးဆိုးရွားရွားချိုးဖောက်တာလို့မြင်ပြီး အဲဒီလို အချက်အလက်တွေလွှဲပေးနေတာကို ချက်ချင်းရပ်ဖို့၊ ဒုက္ခသည်တွေရဲ့ အချက်အလက် လုံခြုံရေးကို အပြည့်အဝ အာမခံဖို့ တောင်းဆိုပါတယ်။
ပြီးတော့ တာဝန်မဲ့တဲ့လုပ်ရပ်တွေအတွက် UNHCR India ရဲ့တာဝန်ရှိသူတွေကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက်အရေးယူပေးဖို့၊ UNHCR India ရုံးမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ စိန်ခေါ်မှုတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024