
ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ မဲဆောက်မြို့ကနေ ဘန်ကောက်ကို စာရွက်စာတမ်းအတုနဲ့ တက်သွားတဲ့ မြန်မာနိုင်ငံသား ၁၅ ယောက် ဇူလိုင် ၂ ရက် ည ၁၀ နာရီကျော်က အဝေးပြေးလမ်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တာခ့်ခရိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတို့က မဲဆောက် အဝေးပြေးကားလမ်းမ အမှတ် ၁၂ အနီးမှာ မြန်မာနိုင်ငံသား ၁၅ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “စာရွက်စာတမ်း၊ ပတ်စပို့အတု ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၁၅ ယောက်၊ ထိုင်းနိုင်ငံသား ၂ ယောက်နဲ့အတူ မဲဆောက်မှ ထွက်ခွာစဥ် လမ်းခရီးမှာ ထိုင်းရဲတွေရဲ့ ကြားဖြတ် ဖမ်းဆီးတာ ခံလိုက်ရတာ။ အရမ်းအတင့်ရဲတယ်ပဲ ပြောရမှာပေါ့။ ဒီလထဲ အဖမ်းအဆီး များနေတဲ့ဟာ ခရီးမသွားသင့်သေးဘူးလေ။ ပုံမှန်ကာလမဟုတ်တော့ မြန်မာတွေအနေနဲ့ အနေအထိုင် အသွားအလာ ဆင်ခြင်သင့်တယ်” လို့ ပြောပါတယ်။
မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင်တွေဘက်က တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေ၊ နိုင်ငံသားမဟုတ်ဘဲ စျေးရောင်းချနေသူတွေကို အလုပ်ဆိုက်တွေ၊ လူနေအိမ် တန်းလျားတွေမှာ ဇန်နဝါရီလ ဒုတိယအပတ်ကတည်းက အဖွဲ့စုံနဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်နေတာလို့ မဲဆောက်မြို့ နေထိုင်သူတွေဆီကနေ သိရပါတယ်။