Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၀ ကျော်ထပ်တွေ့ 
DVB
·
June 17, 2025

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့တပတ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၂ ယောက် တွေ့ရလို့ ရှေ့တပတ်ကထက်များလာသလို တွေ့တဲ့ရာခိုင်နှုန်းကလည်း ၂ ဆလောက်များလာပြီး အသက် ၅ နှစ်အရွယ် ကလေးတွေကစလို့ ကိုဗစ်ကာကွယ်ဆေးထိုးမယ့်အစီအစဉ်ကိုလည်း စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဇွန် ၈ ရက် ည ၈ နာရီကနေ ဇွန် ၁၅ ရက် ည ၈ နာရီအထိ တပတ်အတွင်း လူပေါင်း ၂,၂၈၅ ယောက်ကို စစ်ဆေးပြီးစီးခဲ့တာမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၅၂ ယောက် တွေ့ရတယ်လို့ ဇွန် ၁၆ ရက် ညမှာ ထုတ်ပြန်ပါတယ်။

ဇွန် ၈ ရက်အထိ ရက်သတ္တပတ်အတွင်း ပိုးတွေ့သူ ၃၁ ယောက်၊ ပိုးတွေ့နှုန်း ၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိပြီး အခုအပတ်မှာတော့ ပိုးတွေ့နှုန်းက ၂ ဒသမ ၂၈ ရာခိုင်နှုန်း အထိ မြင့်တက်လာပါတယ်။

လူနာတွေ့ရတာကတော့ မွန်ပြည်နယ်၊ ဘီးလင်းမှာ ၂၃ ယောက်၊ ကျိုက်ထိုမှာ ၁ ယောက်၊ ရန်ကုန် မြောက်ဥက္ကလာမှာ ၄ ယောက်၊ ဗဟန်းမှာ ၃ ယောက်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ သာကေတ၊ ရန်ကင်း၊ အလုံ၊ ဒဂုံမြို့သစ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ၁ ယောက်စီ၊ မကွေးတိုင်း ဂန့်ဂေါမှ ၇ ယောက်၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်နဲ့ တံတားဦးမှာ ၁ ယောက်စီ၊ နေပြည်တော် ဇမ္ဗူသီရိမှာ ၁ ယောက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမှာ ၁ ယောက်ဖြစ်တယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနက ဒီမနက်မှာ ထုတ်ပြန်လာပါတယ်။

ဒီလူနာတွေထဲမှာ ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးရတဲ့လူနာနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးလူနာမရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စဖြစ်ချိန်ကနေ ၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက်အထိ  ပိုးတွေ့သူစုစုပေါင်း ၆၄၃,၃၃၉ ယောက်၊  သေဆုံးသူစုစုပေါင်း ၁၉,၄၉၄ ယောက် ရှိခဲ့တယ်လို့လည်း ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကမ္ဘာ့နိုင်ငံတချို့မှာ ကိုဗစ်မျိုးကွဲသစ်တွေတွေ့နေရသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတာဟာ ကမ္ဘာတဝန်းလုံးမှာ၊ အထူးသဖြင့် အရှေ့ပိုင်းမြေထဲပင်လယ်ဒေသမှာ တိုးလာနေပေမယ့် ဒါဟာ ပြီးခဲ့တဲ့နှစ်ကလိုပဲမို့ သိပ်ပြီးတော့ မထူးခြားဘူးလို့ ထုတ်ပြန်ပါတယ်။ 

ကိုဗစ်ရောဂါတကျော့ပြန်ခေါင်းထောင်လာပြီးနောက်ပိုင်း COVID-19 Vaccine COMIRNATY (Omicron JN.1) ဒါမှမဟုတ် COVID-19 Vaccine COMIRNATY (Omicron XBB.1.5) သုံးပြီး ဆေးတကြိမ်မှ မထိုးနှံရသေးသူတဲ့ အသက် ၁၈ အထက်ရှိသူတွေကို မေလနဲ့ ဇွန်လဆန်းမှာ တကြိမ်ထိုးနှံပေးမယ်လို့ ကျန်းမာရေးဌာနက အခုဇွန်လထဲမှာ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပြုချက်တွေထိုးနှံတာလို့ဆိုပြီး ထပ်ဆောင်းကာကွယ်ဆေး ၁ ကြိမ် အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးတာ ၆ လ ပြည့်ပြီးတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နိုင်ငံဝန်ထမ်းတွေအားလုံး၊ အသက် ၆၀ နှစ်အထက်ရှိသူတွေ၊ အသက် ၅၀ နှစ်အထက် နာတာရှည်ရောဂါရှိသူတွေကို ထိုးနှံပေးမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးတာ ၁၂ လ ပြည့်ပြီးတဲ့ အသက် ၁၈ နှစ်အထက် နာတာရှည်ရောဂါရှိသူတွေ၊ အသက် ၁၂ နှစ်အထက် ကိုယ်ခံအားနည်းရောဂါရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးဖို့လိုအပ်သူတွေ၊ ကိုယ်ဝန်ဆောင်ကာလ ၃ လနဲ့ အထက်ရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁ ကြိမ် ထိုးပေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် COVID-19 Vaccine COMIRNATY (Omicron XBB.1.5) ကာကွယ်ဆေးသုံးပြီးတော့ အသက် ၅ နှစ်ကနေ ၁၁ နှစ် အတွင်းရှိ ကင်ဆာရောဂါနဲ့ ကိုယ်ခံအားနည်းရောဂါရှိတဲ့ ကလေးတွေကို တကြိမ် ထိုးနှံပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

အသက် ၅ နှစ်ကနေ ၁၁ နှစ်ရှိပြီး ကျန်းမာတဲ့ ကလေးငယ်တွေ၊ အသက် ၁၂ နှစ်ကနေ ၁၈ နှစ်အရွယ် ဆယ်ကျော်သက်တွေ၊ အသက် ၁၈ နှစ်အထက် ကျန်းမာသူတွေကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံမပြုထားဘူးလို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024