
သိန္နီမှာ MNDAA ကိုးကန့်တပ်က ရပ်ကွက်အလိုက် တပ်သားအသစ် သတ်မှတ် ဦးရေအတိုင်း ပေးဖို့ ဇွန် ၁၅ ရက်က သိန္နီဟော်နန်းမှာ အစည်းအဝေးခေါ်ပြီး တောင်းဆိုနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
သိန္နီ ဒေသခံတယောက်က “သိန္နီဟော်နန်းမှာ အစည်းအဝေး ခေါ်တယ်။ စစ်မှုထမ်းရမယ် ပြောတယ်။ ပြည်သူ့စစ်အနေနဲ့ တာ၀န်ထမ်းရမယ်လို့ ပြောနေတာ”လို့ ပြောပါတယ်။
စစ်မှုထမ်းတာမှာ ယောက်ျား၊ မိန်းမ မခွဲခြားပဲ အသက် ၁၆ နှစ်ကနေ ၃၀ အထိ သတ်မှတ်ထားပေမယ့် အသက် ၃၀ ကျော်ရင်လည်း လက်ခံတယ်လို့ အစည်းဝေးမှာ ပြောတယ်လို့ သူက ပြောပါတယ်။
အခု တပ်သားသစ် ကောက်တာဟာ ဒုတိယအကြိမ် ဖြစ်ပြီး တရပ်ကွက်မှာ စစ်မှုထမ်း ၂ ယောက်ကျစီ သတ်မှတ်ထားပြီး ရပ်ကွက် ကြီးရင်တော့ ၄ ယောက်ကနေ ၅ ယောက်အထိ ပေးရမယ်လို့ ပြောတယ်လို့ ဆိုပါတယ်။
သိန္နီဒေသခံ လူငယ်တယောက်ကလည်း “သိန္နီမှာ MNDAA က စစ်မှုထမ်းစာရင်း တောင်းနေတာ။ ခေါ်မရရင် ပေါ်တာပဲ ။အုပ်ချုပ်ရေးမှူးတွေဆီ စစ်မှုထမ်းစာရင်းပေးဖို့ ရပ်ကွက်ထဲ လိုက်ပြောနေတယ်” လို့ ပြောပါတယ်။
အိမ်အထိ လာခေါ်တာမျိုး မဖြစ်အောင် MNDAA ဘက်က တောင်းတဲ့အတိုင်း ရပ်ကွက် တခု လူ ၂ ယောက် စီထည့်ဖို့ စာရင်းပေးဖို့ လိုတာလို့သူက ပြောပါတယ်။
ကျေးရွာအုပ်စုအလိုက်လည်း MNDAA ဘက်က သတ်မှတ်ထားတဲ့ လူဦးရေအတိုင်း သွားရမယ်လို့ သိရပြီး ဘယ်နေ့ ဘယ်အချိန် သွားရမယ်ဆိုတာ မသိရသေးဘူး လို့ဆိုပါတယ်။
လားရှိုးမှာတုန်းကလိုပဲ မြို့ပေါ်လုံခြုံရေးအတွက် ပူးပေါင်းပါဝင်ဖို့လို့ ဆိုပြီး MNDAA က ဒေသခံတွေကို စစ်မှုထမ်းဖို့ ဖိတ်ခေါ်နေတာလို့ MNDAA နဲ့ နီးစပ်သူက ပြောပါတယ်။
သိန္နီမြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ MNDAA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။