
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြဋ္ဌာန်းလိုက်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေအပေါ်မှာ ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပါတယ်။
ဒီ CDM ဥပဒေကို ဇွန် ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပြီး CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေအတွက် တရားမျှတမှုနဲ့ အကာအကွယ်ပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ ဒီဥပဒေရဲ့ တချို့အချက်တွေဟာ တော်လှန်ရေးအင်အားစုတွေကြားမှာပဲ ကျယ်ကျယ်ပြန့်ပြန့် အငြင်းပွားဖွယ်ရာ ဖြစ်စေခဲ့ပြီး ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
CDM မှာ မပါတဲ့သူတွေကို အရေးယူရာမှာ ပြည်သူလူထုအပေါ် သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေအတိုင်း အရေးယူရမှာသာဖြစ်ပြီး CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ ဝန်ထမ်းတိုင်းကို အရေးယူတာက ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့လည်း ကွဲလွဲနေတယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဒီဥပဒေကို ကန့်ကွက်သူတွေထဲမှာ ကိုယ်တိုင် CDM ဝန်ထမ်းတယောက်ဖြစ်ခဲ့ပြီး CDM လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတယောက်ဖြစ်တဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) တာဝန်ခံ ကိုမင်းလွင်ဦးလည်း ပါဝင်ပါတယ်။
သူက CDM ဝန်ထမ်းတွေကို ဥပဒေအရ အကာအကွယ်ပေးတာကို ကြိုဆိုပေမဲ့ Non CDM ဝန်ထမ်းတိုင်းကို တပြေးညီ အရေးယူမယ့် အချက်တွေကိုတော့ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
“တချို့ဝန်ထမ်းတွေက ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့မှာ ပြန်စရာအိမ်တောင် မရှိတဲ့ ဝန်ထမ်းတွေ ရှိတယ်ဗျာ။ ဒီ နိုင်ငံတော်ကပေးတဲ့ တိုက်ခန်းတွဲလေးထဲမှာ မဖြစ်စလောက်လေး နေနေရတဲ့ဟာမျိုးတွေ၊ မဖြစ်စလောက် ရတဲ့ လစာလေးနဲ့ သူတို့နောက်မှာရှိနေတဲ့ မိသားစုဝင်တွေ၊ အဲဒီမိသားစုဝင်တွေကို ကျွေးဖို့အတွက် သူတို့အတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ သူတို့ အဲဒါကို ကြည့်ပြီးတော့ သူတို့ တွန့်ဆုတ်နေရတဲ့ ဝန်ထမ်းတွေ ရှိတယ်။ တချို့ဝန်ထမ်းတွေကျတော့ ကျနော်တို့ မဖြစ်မနေ နားလည်ပေးရမယ့်ဟာတွေ ရှိတယ်။ ဥပမာ ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးတဲ့ ဝန်ထမ်းတွေ ထုနဲ့ထည် ရှိတယ်ဗျာ၊ လက်ရှိ CDM မလုပ်နိုင်တဲ့ ဝန်ထမ်းတွေထဲမှာ။ အဲ့တော့ အဲလိုဝန်ထမ်းတွေက ဘာကြောင့် CDM မလုပ်နိုင်သေးလဲ၊ မလုပ်ကြလဲဆိုတာကို သေချာ လိုက်ကြည့်ဖို့ လိုတယ်။ အဲလို စဉ်းစားချက်မရှိဘဲနဲ့ အတင်းအကျပ် ဥပဒေပြဋ္ဌာန်းပြီးတော့ CDM မလုပ်ရင် အပြစ်သားလိုလို ဆက်ဆံတဲ့ ဥပဒေမျိုးဆိုရင်တော့ မဖြစ်သင့်ဘူးလို့ပဲ ကျနော်တို့က မြင်တယ်။”
ကိုမင်းလွင်ဦးက ဒီဥပဒေဟာ မြေပြင်မှာ Non CDM ဝန်ထမ်းတွေကို အလွယ်တကူ ဖမ်းဆီးအရေးယူဖို့ တရားဝင် အကာအကွယ်ပေးသလို ဖြစ်သွားစေနိုင်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်နဲ့ တူညီသွားစေကာ လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းတွေနဲ့ ဖီလာဆန့်ကျင်နေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) ကလည်း CRPH က ပြဋ္ဌာန်းတဲ့ CDM ဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဇွန် ၁၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဗကသများအဖွဲ့ချုပ်၊ သတင်းနှင့်ပြန်ကြားရေးကော်မတီက မခင်နီက ဒီဥပဒေဟာ အားနည်းတဲ့သူတွေ အချင်းချင်းမှာပဲ ပိုပြီး ထိခိုက်နစ်နာမှုတွေ များတဲ့ လုပ်ရပ်တခုသာ ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။
“စစ်အာဏာရှင်စနစ်က ခေတ်အဆက်ဆက်မှာ ငါနဲ့မတူ ငါ့ရန်သူဆိုပြီးတော့ လုပ်တယ်။ အခုဆိုရင် CDM ဝန်ထမ်းတွေကို အသက်အန္တရာယ် ခြိမ်းခြောက်တယ်၊ ဖမ်းဆီးအရေးယူတယ်။ တခြားတော်လှန်ရေး အင်အားစုတွေကိုလည်း သူ့ကို မထောက်ခံတဲ့အတွက် အရေးယူတာမျိုးတွေ လုပ်တယ်။ အဲလိုပုံစံမျိုး ကျမတို့က ထပ်တူ မလုပ်မိဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့တွေက ဖက်ဆစ်အမြင်တွေ ရှိနေလို့ မဖြစ်လို့ဘဲ။ အခု ဒီဥပဒေမှာ ပါတဲ့ အရေးယူခြင်း အပိုဒ်ကနေ စပြီးတော့ ဖော်ပြထားတဲ့ Non CDM ဝန်ထမ်းတွေ၊ အရပ်သား ဝန်ထမ်းတွေကို ကျမတို့က အရေးယူမယ်၊ ဝန်ချတောင်းပန်ခိုင်းမယ်၊ ဘယ်လိုပုံစံမျိုးနဲ့တော့ဖြင့် ရာထူးတွေလျှော့မယ် ဆိုပြီးတော့ လုပ်ထားတဲ့ဟာမျိုးတွေက အခု စစ်ကောင်စီ CDM ကို ပြန်ဝင်လာတဲ့ ဝန်ထမ်းတွေကို ဆက်ဆံနေတာနဲ့ အတူတူပါပဲ။ စစ်ကောင်စီနဲ့ စစ်တပ် လူသတ်ယန္တရားကတော့ ပြည်သူတွေကို ဘယ်လိုလုပ်နေတာ၊ CDM ဝန်ထမ်းတွေကို ဘယ်လိုလုပ်နေတာ ဆိုတဲ့ အငြိုးတခုနဲ့တင် ကျမတို့က သူ့ဘာသာသူ နေနေတဲ့ Non CDM ဝန်ထမ်းတွေကို အဲလိုပုံစံမျိုးနဲ့ ပြန်လုပ်လိုက်မယ်ဆိုရင် အဲဒါက ဒီအားနည်းတဲ့သူတွေ အချင်းချင်းမှာပဲ ပိုပြီးတော့မှ ထိခိုက်နစ်နာမှုတွေ များတဲ့ လုပ်ရပ်တခု ဖြစ်သွားလိမ့်မယ်လို့ ကျမတို့ကတော့ ယူဆပါတယ်။”
ဒီဥပဒေအရ ၂၀၂၁ ဧပြီ ၃၀ ရက်နောက်ပိုင်း CDM ဝင်လာသူတွေက ခိုင်လုံတဲ့အကြောင်းပြချက် တင်ပြရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒီဥပဒေမှာတော့ Non CDM ဝန်ထမ်းတွေကို တချိန်မှာ အမည်ပျက်စာရင်းသွင်းတာ၊ ရာထူးကထုတ်ပယ်တာ၊ ပြည်ပထွက်ခွာခွင့် ယာယီပိတ်ပင်တာ၊ လစာခံစားခွင့်တွေ ပြန်အပ်ရတာ၊ ဘွဲ့တံဆိပ်တွေကို အသိအမှတ် မပြုတာနဲ့ တရားစွဲခံရတာတွေ ပြုလုပ်သွားမယ်လို့ ပါရှိပါတယ်။
ကိုမင်းလွင်ဦးက “ဒီဥပဒေ မပြဋ္ဌာန်းသေးတဲ့ကာလပေါ့ဗျာ၊ ဒီ CDM လှုပ်ရှားမှုတွေ အင်အားကောင်းနေတဲ့ ကာလမှာတောင်မှပဲ Non CDM ဝန်ထမ်းတွေအပေါ်မှာ social punish လုပ်တာတွေက တောက်လျှောက်ရှိနေတယ်လေဗျာ။ ကျနော်တို့ နားလည်တာက ကျနော်တို့က ဒီမိုကရေစီ Democratic Society ကို သွားမယ်ဆိုရင် ကျနော်တို့က အမြင်ကွဲပြားမှုတွေကို လက်ခံဖို့လိုတယ်။ နိုင်ငံရေးအရ ကွဲပြားမှုတွေကို ကျနော်တို့ လက်ခံဖို့လိုတယ်။ ပြီးတော့ နောက်တခုက ဘာလဲဆိုတော့ ပြည်သူကြားမှာပေါ့ဗျာ ခုနကပြောတဲ့ စဉ်းစားချက်မျိုးတွေ ရှိဖို့လိုတယ်။ ဘာလို့ သူ ဒီလိုဖြစ်လဲ ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့က လက်ခံပေးရမယ့် အနေအထားတွေ ရှိတယ်ဗျာ။ အဲလိုအခြေအနေမျိုးမှာ အနာဂတ်မှာ ကျနော်တို့က တော်လှန်ရေးကာလမှာ မင်းက ဘာလုပ်ခဲ့လဲ၊ ငါက ဘာလုပ်ခဲ့လဲ ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့တော့ ကျနော်တို့ Democratic Society ကို သွားဖို့အတွက် အဟန့်အတား အနှောင့်အယှက်တော့ ဖြစ်မယ်ထင်တာပဲ” လို့ ပြောပါတယ်။
ဒီဥပဒေမှာ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဥပဒေပါ ကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး အကျုံးဝင်ခြင်းမရှိစေရ ဆိုပြီးလည်း ဖော်ပြထားပါတယ်။
ဥပဒေပါအချက်တွေကို အကောင်အထည်ဖော်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်း ဖွဲ့ရမှာဖြစ်ပြီး ဒီဥပဒေကို နိုင်ငံတဝန်းမှာဖြစ်ဖြစ်၊ တစိတ်တဒေသမှာဖြစ်ဖြစ် အာဏာသက်ရောက်စေဖို့ သမ္မတက အမိန့်ထုတ်ရမှာ ဖြစ်ပါတယ်။
ဒီ CDM ဥပဒေကိုတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစု (GSCN)၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) နဲ့ တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီတို့က ကန့်ကွက်ထားကြပါတယ်။
မြတ်သဇင်