
နိုင်ငံရေးပါတီ၊ ဟန်ဆောင်သည်တည့်
အမည်ခံမျှ၊ မဆလ တဲ့
ကြံ့ဖွတ်ကဲ့သို့၊ တပ်ရဲ့ပါတီ
ပရောက်စီသာတကား။ ။
မဆလ လို့ အတိုကောက် ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလပါတီ) ဟာ စစ်တပ်ကနေ အရပ်သားပါတီအသွင် ပြုလုပ်ထားတဲ့ ပါတီဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇွန်လ ၄ ရက်က စတင်ဖွဲ့တာပါ။ မှတ်တမ်းအရတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဟာ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းယူပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းက အရပ်သားဟန်ဆောင် အသွင်ပြောင်းဖို့ မဆလကို ဖွဲ့ခဲ့တာပါ။ မဆလပါတီကိုဖွဲ့ နိုင်ငံကို တပါတီစနစ်နဲ့သာ အုပ်ချုပ်ခဲ့ပြီး အခြေအနေမကောင်းရင် စစ်အာဏာသိမ်းဖို့ ပြင်ထားခဲ့တာပေါ့။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ လူထုက မလိုလားတော့ဘူးဆိုတော့ စစ်တပ်ကို တိုင်းပြည်အာဏာ ပြန်သိမ်းခိုင်းလိုက်ပြီး မဆလလည်း သမိုင်းမြောင်းပုပ်ထဲ ကျသွားပြီး ဇာတ်သိမ်းမလှခဲ့တာပေါ့။ နောက်ပိုင်းမှ တစည တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဆိုပြီး နာမည်ပြောင်းခဲ့ပေမဲ့ မဟန်တော့ ကြံ့ဖွတ် (ခေါ်) ပြည်ခိုင်ဖြိုး (ခေါ်) ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ဖွဲ့ပြီး မဲရွေးခဲ့ပေမဲ့ မဟန်ပါဘူး။ တစည ရော ကြံ့ဖွတ်ပါတီရော (တပါတီတည်းပြိုင်ရင်တောင်) မဲမခိုးရင် မဲမလိမ်ရင် စစ်တပ်က မခြိမ်းခြောက်ဘဲ လွတ်လွတ်လပ် ဒီမိုကရေစီရှိရှိ မဲပေးခွင့်ရရင် ခွက်ခွက်လန် ရှုံးကြမယ့်ပါတီတွေလေ။ အဓိက ပြောလိုတာက မဆလရော တစညရော ပြည်ခိုင်ဖြိုးရော ပါတီ ၃ ခုစလုံးဟာ စစ်တပ်ပါတီတွေသာပါ။ မဆလ တစည ပြည်ခိုင်ဖြိုး အားလုံးဟာ စစ်တပ်တွေပါပဲ။
မဆလပါတီ
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းပိုက်အပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ တော်လှန်ရေးကောင်စီ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်၊ ဧပြီ ၃ဝ ရက်က တော်လှန်ရေးကောင်စီက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တိုင်းပြည်သို့ တင်ပြခဲ့တာပါ။ လမ်းစဉ်ပါတီကို တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့မှာ အမြုတေအဖြစ် စတင်ခဲ့ပါတော့တယ်။ တော်လှန်ရေးကောင်စီ လမ်းစဉ်ပါတီ တွေးခေါ်မြော်မြင်ရေး သဘောတရား ဖြစ်တဲ့ လူနှင့်ပတ်ဝန်းကျင်တို့၏ အညမည သဘောထားစာတမ်းကို ၁၉၆၃ ခု၊ ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့တယ်။ နောက်ပိုင်း မဆလပါတီ နိုင်ငံရေးပါတီဆိုပြီး လူထုကို ချင်း(ဂျင်း)ထည့် အုပ်ချုပ်တာ ၈၈ ကျမှပဲ မဆလ ဇာတ်သိမ်းသွားပါတယ်။
မဆလရဲ့ ဆိုးကွက်တွေ
တာဝန်ကျေစပါး
မဲလည်းဖြူ ဖြူလည်းဖြူ တပါတီမဲပေးစနစ်
အပ်ခြည်ဆွေးနဲ့ နို့ဆီတွဲပေးတဲ့ သမဆိုင်တန်းစီစနစ်
ပါတီဝင်မှ အလုပ်ရတဲ့ခေတ်
ပါတီယူနစ် ဥက္ကဋ္ဌသား မယား များတဲ့ခေတ်
၁၉၆၂ ဇွန် ၄ မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီစဖွဲ့
၂၅ ကျပ်တန်ငွေစက္ကူတွေ ဓားပြတိုက်သွားတဲ့ မဆလ
မိုးပေါ်ထောင်မပစ်ဘူး တည့်တည့်ပစ်ခိုင်းတဲ့ မဆလ ဥက္ကဋ္ဌကြီး
၈၈၈၈ မှာ လူထုက မြောင်းထဲကန်ချတာ ခံခဲ့ရတဲ့ မဆလ
မဆလသည် ကြံ့ဖွတ်ကဲ့သို့ စစ်တပ်ပါတီ ဖြစ်ခဲ့သည်တကား။ ။
တာဝန်ကျေစပါး
မဆလပါတီဟာ လူထုကို လယ်သမားတွေကို နှစ်စဉ် တာဝန်ကျေစပါး တောင်းတယ်။ ဆိုရှယ်လစ်ဝါဒအရ လယ်ယာမြေကို နိုင်ငံက သီးစားချတာသာ ဖြစ်လို့ လယ်သမားက သီးစားခ ပေးတဲ့အနေနဲ့ ဥပမာအားဖြင့် တဧကကို ၁၀ တင်းနှုန်း အစိုးရကို ပြန်သွင်းခိုင်းတာ။ မဖြစ်မနေပေါ့။ ၁၉၈၀ ခုနှစ်များမှာပေါ့။ ဧက ၂၀ စိုက်သူဆို စပါးတင်း ၂၀၀ ကြီးများတောင် အစိုးရဈေးနဲ့ ပြန်ရောင်းရတာပေါ့။ ချစ်တီးတွေလို မပေးမနေရဆိုတော့ လယ်သမားတွေ မဆလ ချစ်တီးခေတ်မှာ ကျောကော့အောင် ခံခဲ့ကြရတာလေ။ စပါးကျီလှန် ပုပ်လှန် တောင်းလှန်နဲ့ စပါးတွေ အသိမ်းခံကြရတာတွေ။ မကျေနပ်ချက်တွေဟာ ၈၈၈၈ မှာ ပေါက်ကွဲ အုံကြွ မဆလလည်း အဆုံးသတ်တာပေါ့။
မဲလည်းဖြူ ဖြူလည်းဖြူ တပါတီမဲပေးစနစ်
မဆလခေတ် (၄ ဇွန် ၁၉၆၂ - ၁၈ ဩဂုတ် ၁၉၈၈) မဲပေးပုံက အဖြူတပုံး အမည်းတပုံး ထားတယ်။ မဲဆန္ဒနယ်မြေတိုင်းမှာ ကိုယ်စားလှယ် တယောက်တည်းကိုပဲ ရွေးရတာ။ ကြိုက်ရင် အဖြူပုံးထဲထည့်။ ကန့်ကွက်ရင် အမည်းပုံးထဲ ထည့်ပေး။ ၁၉၈၄ ခုနှစ်မှာ မှော်ဘီမြို့နယ် ကျေးရွာတရွာက အသေအချာညှိပြီး အမည်းပုံးတွေထဲကို တရွာလုံး ထည့်ပေးလိုက်တာ။ အများ ရွာသားတွေရှေ့ မဲပုံးတွေဖွင့် ရေတွက်တော့လည်း တရွာလုံး အမည်းချည်းသက်သက်ပါ။ အဖြူလုံးဝမရှိ။ သို့သော် မြို့နယ်ကော်မရှင်စာရင်းမှာကျတော့ အဲဒီတရွာလုံး ဖြူနေတယ်။ ပြောရဲသူတွေက တက်ပြောတော့ မြို့နယ်ကော်မရှင်က တိုးတိုး တောင်းပန်တယ်။ အထက်အမိန့်အရ အမည်းစာရင်း မထည့်ပြရဘူးဆိုလို့ ၁၀၀ ရာခိုင်နှုန်း အဖြူများသာ စာရင်းတင်လိုက်ရပါသတဲ့။ နေဝင်းစစ်တပ် မဆလပါတီ ဒီမိုကရေစီ ရွေးကောက်ပွဲပါ။ စစ်တပ်ကြိုးကိုင် မဆလခေတ် ဒီမိုကရေစီပေါ့။ အခု အာဏာသိမ်း စစ်ကောင်စီရဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုတာလိုပါပဲ။ အတူတူပါပဲ။ ပြောတော့ ဒီမိုကရေစီ လုပ်တော့ အာဏာရှင်။
အပ်ချည်ဆွေးနဲ့ နို့ဆီတွဲပေးတဲ့ သမဆိုင်တန်းစီစနစ်
၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့က နိုင်ငံတွင်း ဘဏ်အားလုံးကို စစ်တပ်က ပြည်သူပိုင် သိမ်းတယ်။ ဩဂုတ် ၁၅ ရက်နေ့မှာ ဝါဏိဇ္ဇ ပဋိပက္ခမှု အက်ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းပြီး အောက်တိုဘာ ၁၉ ရက်ကျ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် - ၃၃ ကို ထုတ်ပြန် “လုပ်ငန်းများ နိုင်ငံပိုင်ပြုလုပ်ခြင်း ဥပဒေ” ကို ပြဋ္ဌာန်းခဲ့တယ်။ အဲဒီဥပဒေတွေအရ အစိုးရက စီးပွားရေးလုပ်ငန်းတွေနဲ့ ဘယ်လုပ်ငန်းဆောင်ရွက်မှုမဆို သိမ်းယူခွင့်ရှိလာတယ်။ နောက်ပိုင်းမှာ စစ်ဗိုလ်တွေဟာ ဥပဒေကိုင်ပြီး ဓားပြတိုက်ပါတော့တယ်။ ပြည်သူလူထု သမ္မာ အာဇီဝနဲ့ လုပ်ကိုင် စားသောက်နေတဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေနဲ့ ဈေးဆိုင်တွေကို စစ်တပ်က လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လိုက်လံ သိမ်းယူပါတော့တယ်။ နောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေ ဈေးဆိုင်တွေသာမက ကောက်ပဲသီးနှံ ရောင်းဝယ်ခြင်းကိုပါ စစ်တပ်က ချုပ်ကိုင်လာတယ်။ အကျိုးဆက်က စောစောကပြောခဲ့တဲ့ တာဝန်ကျေစပါး မဖြစ်မနေ ပေးသွင်းရတာတွေ ဖြစ်လာတယ်။ နောက်တခုက ပြည်သူပိုင် သိမ်းယူခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေ ဈေးဆိုင်တွေအစား သမဝါယမဆိုင်တွေ ဖွင့်တယ်။ ထုံးစံအတိုင်း သမဆိုင်တွေမှာ ဆန်တိုး ဆီတိုး ဆပ်ပြာတိုး လူတန်းကြီးတွေနဲ့ ဖြစ်လာပြီး စီးပွားရေးတွေလည်း ဆိုးပြီးရင်း ဆိုးလာတယ်။ အပ်ခြည်ဆွေးနဲ့ နို့ဆီ တွဲပေးတဲ့ သမဆိုင် တန်းစီစနစ် ဆိုတာက စစ်တပ်ပိုင် စက်ရုံတွေက ကွာလတီ မကောင်းတဲ့ အပ်ခြည်လုံးတွေနဲ့ တန်ဖိုးကြီးတဲ့ နို့ဆီနဲ့ တွဲရောင်းတာမျိုးပါ။ နို့ဆီလိုချင်ရင် အပ်ခြည်ပါ မယူမနေရပေါ့။ သကြားလိုချင်ရင် စစ်တပ်ထုတ် အသုံးမကျတဲ့ ဓာတ်ခဲပါ တွဲယူရမယ် ဆိုတာမျိုးလေ။ မင်းကိုနိုင်ရဲ့ “ကော်လာရှည်ရှည် ကေလန်လန်” စာအုပ်မှာ အဲသည်အကြောင်းတွေ ရေးထားတယ်။
ပါတီဝင်မှ အလုပ်ရတဲ့ကာလ
ပြဇာတ်မင်းသား ဘီအီးဒီအောင်သိုက် ပြောလေ့ရှိတဲ့ ဘွဲ့ရ အလုပ်လက်မဲ့တွေ ပေါများတယ် ဆိုတာဟာ မဆလခေတ်မှာ ဖြစ်လာတာလေ။ ဘွဲ့ရဖြစ်ဖြစ် ဘွဲ့မရဖြစ်ဖြစ် မဆလ ပါတီဝင်ရင် အလုပ်ရတယ်။ မဝင်ရင် ဘယ်လောက်တော်တော် မခန့်ဘူး။ ရုပ်ရှင်အကယ်ဒမီကိုတောင် ပါတီမဝင်ရင် မရဘူးဆိုပဲ။ ကျော်ဟိန်းဟာ ပါတီဝင်လိုက်မှ အကယ်ဒမီရသွားတယ်။ အဲ့သလို ပါတီဝင် လူညံ့တွေနဲ့ တည်ဆောက်ထားတဲ့ ရုံး ကျောင်း အလုပ်ခွင်တွေဟာ ၁၉၆၂ က စတင် လည်ပတ်လိုက်တာ ၁၉၈၈ ခုနှစ်ရောက်တော့ လူထုအုံကြွမှုကြီးအောက် ၂၆ နှစ်သား မဆလပါတီကြီး ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမဲ့ စစ်တပ်ဟာ သူ့ကိုယ်ပွား တစညပါတီ ပြည်ခိုင်ဖြိုး ကြံ့ဖွတ်တွေ ဆက်ဖန်တည်းပြီး အရပ်သားပါတီ အုပ်ချုပ်သယောင် ဆက်လုပ်နေတော့တယ်။ အခုလည်း NLD ကို တခြား လူထုပါတီတွေကို ဖျက်ဆီး နှိပ်ကွပ်ပြီး ကြံဖွတ်အစိုးရနဲ့ ပြန်အုပ်ချုပ်ဖို့ ပြင်နေပြန်ပါပြီ။ ဒီဇင်ဘာမှာ မဲရွေးပွဲ ထပ်လုပ်ဦးမတဲ့။ ဖြူလည်းမည်း မည်းလည်းမည်း မဲလိမ်ရွေးကောက်ပွဲများ။
ပါတီယူနစ် ဥက္ကဋ္ဌသား မယားများတဲ့ခေတ်
မဆလ ခေတ်မှာ မြို့နယ် ပါတီယူနစ် ဥက္ကဋ္ဌတွေဟာ အာဏာအရှိဆုံး။ တမြို့လုံးက တရုတ် ကုလား သူဌေးတွေက ပါတီဥက္ကဋ္ဌ တောင်းသမျှ ပေးရတာ။ မတောင်ဘဲ ကြိုပေးထား အလိုက်သိတဲ့ ပေါက်ဖော်ကြီးတွေများဆို ဝက်သားလိုင်စင် နှစ်တိုင်းရ။ အဲသည်တော့ ပါတီယူနစ်ဥက္ကဋ္ဌသားဆို နေရာတိုင်း မျက်နှာပွင့်တာပေါ့။ ကျောင်းမှာ အားကစားကွင်းမှာ နေရာတိုင်းမှာ သူ့ကိုပဲ ဦးစားပေးရတာ။ ရည်းစားလု ရန်ဖြစ်ရင် ရိုက်တာက ဥက္ကဋ္ဌသား၊ ထောင်ကျတာက အရိုက်ခံရတဲ့သူ။ အဲသည်လို ဖြစ်ခဲ့တယ်။ အဲသည်တော့ ပါတီဥက္ကဋ္ဌသား ရည်းစားများတာ၊ မယားများတာ ဘာဆန်းတော့မှာလဲ။ အနီးဆုံးပဲ ပြောမယ်။ ကျနော်တို့မြို့မှာဆို ပါတီယူနစ် ဥက္ကဋ္ဌသားကြောင့် ဒူးနဲ့မျက်ရည်သုတ်ရတဲ့ တောသူလေးတွေ ရှိခဲ့တယ်။ ရပ်ကွက်ဥက္ကဋ္ဌသားနဲ့ ကျောင်းသား ရန်ဖြစ်တာကို ဥက္ကဋ္ဌသားဘက် အနိုင်ပေးတဲ့ကိစ္စကစ ၈၈၈၈ အရေးတော်ပုံအထိတောင် ဖြစ်ခဲ့ရမဟုတ်လား။
၂၅ ကျပ်တန်ငွေစက္ကူတွေ ဓားပြတိုက်သွားတဲ့ မဆလ
မဆလ က ၂၅၊ ၃၅၊ ၇၅ ကျပ်တန် ငွေစက္ကူတွေကို ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်မှာ တရားမဝင်ငွေအဖြစ် ကြေညာခဲ့တယ်။ ပြည်သူတရပ်လုံးဟာ လက်ထဲကိုင်ထားသမျှတွေ ပျောက်ဆုံးသွားတာပေါ့။ သူခိုး ခိုးခံလိုက်ရပြီလေ။ ဓားပြတိုက်ခံလိုက်ရတာ မဟုတ်လား။ ကျနော်ဆို အဲသည်အချိန် ကျောင်းလခ အဆောင်ခ ပေးဖို့ ပြင်နေတုန်းဆိုတော့ တော်တော် ဒုက္ခရောက်ခဲ့တယ်။ ချွေးနည်းစာကလေးတွေ စုဆောင်းထားတဲ့ ပြည်သူတွေဆို ဒုက္ခတောင်ကြီး ပိသလို ခံစားခဲ့ကြရတယ်။ တပြည်လုံးရဲ့ မကျေနပ်မှုတွေနဲ့အတူ မဆလပါတီလည်း ငွေတွေ ဓားပြတိုက်ပြီး နောက်တနှစ် ၈၈ စက်တင်ဘာ ၁၈ မှာ ပြုတ်တာပဲ။
စစ်တပ်ကို မိုးပေါ်ထောင်မပစ်ဘဲ တည့်တည့်ပစ်ခိုင်းတဲ့ မဆလဥက္ကဋ္ဌကြီး
တချို့က ပြောကြတယ်။ မဆလခေတ်တုန်းက ဒီလောက်မဆိုးဘူးတဲ့။ ဘာမဆိုးရမှာလဲ၊ “လူထု ဆန္ဒပြရင် မိုးပေါ်ထောင်မပစ်နဲ့ တည့်တည့်ပစ်ကြလို့ မဆလပါတီ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်နေဝင်းက ပြောခဲ့တာလေ။” မမေ့ကြသေးပါဘူး။ ဒီစကားရပ်ကို ၁၉၈၈ ခုနှစ် ပြည်သူ့အံကြွမှုတွေ အရှိန်အမြင့်ဆုံး ဖြစ်နေချိန် မဆလပါတီ နောက်ဆုံးအစည်းအဝေးမှာ ဦးနေဝင်းက ပြောခဲ့တာပါ။ စစ်ဦးစီးချုပ် ဦးနေဝင်းဟာ ၁၉၆၂ ခုနှစ် ၇ ဇူလိုင် အရေးတော်ပုံမှာလည်း “ဓားဓားချင်း လှံလှံချင်း ရှင်းမယ်လို့” လူမိုက်စကား ပြောခဲ့တယ်။ ၁၉၈၈ မှာလည်း “လူထုဆန္ဒပြရင် မိုးပေါ်ထောင်မပစ်နဲ့ တည့်တည့်ပစ်ကြလို့” ပြောခဲ့တာလေ။ အဲသလိုပြောပြီး မကြာခင် စက်တင်ဘာ ၁၈ မှာ စစ်ဦးစီးချုပ် စောမောင် အာဏာသိမ်းတာပဲ။ အခုလည်း မအလက မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ပြောပြီး မကြာဘူး အာဏာသိမ်းတာပါပဲ။
၈၈၈၈ မှာ လူထုက မြောင်းထဲကန်ချတာ ခံခဲ့ရတဲ့ မဆလ
မဆလ ဇာတ်သိမ်းမလှလို့တောင် ပြောကြရမှာပါ။ မဆလကို ပြည်သူတွေက မဆလာလို့ ခေါ်ပါတယ်။ “မင်းဆက်လိမ်” လို့ ပြောကြပါတယ်။ နိုင်ငံရေးသမား ဝိဓူရသခင်ချစ်မောင်က မဆလပါတီမှာ ခွေးကတက်ကပဲ လုပ်ရလုပ်ရလို့ ပြောခဲ့လို့ “ခွေးကတက်ပါတီ” လို့လည်း ခေါ်ကြတယ်။ စာရေးဆရာ မောင်သော်က ကတော့ “လူက မိုးပေါ်ပျံတယ်ဆိုတာလည်း ယုံတာပဲ။ မဆလလမ်းစဉ် အောင်မြင်မယ်ဆိုတာလည်း ယုံကြတာပဲ” ဆိုပြီး သရော်စာ ရေးဖူးပါတယ်။ အလံနီကွန်မြူနစ် ခေါင်းဆောင်ကြီး သခင်ဖေဌေးကတော့ သတင်းထောက်တွေကို “ကျုပ်နဲ့ ဗိုလ်ချုပ်နေဝင်း လက်ထပ်ပေါင်းသင်းလို့ သူကိုယ်ဝန်ရှိပြီး ကလေးမွေးချင် မွေးသွားမယ်။ သူ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကတော့ အောင်မြင်မှာ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။
၁၉၈၇ ခုနှစ်မှာ ပြည်သူလူထုတွေ သုံးစွဲနေတဲ့ ကျပ်ငွေ စက္ကူတွေကို ၂ ကြိမ်တိုင်တိုင် မဆလ တပါတီ အာဏာရှင် အစိုးရက သိမ်းယူခဲ့တဲ့ ငွေစက္ကူ အရေးအခင်းက အစပြုပြီး ၁၉၈၈ နှစ်ဦးပိုင်းမှာ ၂၆ နှစ်ကျော် မဆလရဲ့ ဖိနှိပ်အုပ်ချုပ်မှု၊ အကျင့်ပျက် ခြစားမှုတွေနဲ့ တစတစ ဆင်းရဲ ကျပ်တည်းလာတဲ့ စီးပွားရေး အခြေအနေတွေကြောင့် ကျောင်းသားတွေဟာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုနဲ့ မဆလရဲ့ တပါတီ အာဏာရှင် အုပ်စိုးမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတယ်။ မတ်လ ၁၃ ရက် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် အရေးအခင်းမှာ (ကိုဖုန်းမော်ဟာ မဆလ လုံထိန်းတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး သူ့ကို ဗိုလ်ဘွဲ့ ပေးအပ်ကာ သူ ကျဆုံးတဲ့ မတ်လ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တယ်။) မတ်လ ၁၆ ရက် အင်းယားကန်ဘောင်မှာ လုံထိန်းတွေက ဆန္ဒပြ ကျောင်းသူ ကျောင်းသားတွေကို ပစ်ခတ် သတ်ဖြတ်ခဲ့သလို ကျောင်းသူအချို့ကိုလည်း မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ တံတားနီအရေးအခင်း၊ ဇွန်လ ၂၁ ရက်နေ့ မြေနီကုန်းမီးပွိုင့် အနီးမှာ ဆန္ဒပြ ချီတက်လာကြတဲ့ သူငယ်တန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူ ကျောင်းသားတွေကို လုံထိန်းနဲ့ စစ်တပ်တွေက သေနတ်ပစ် ကားနဲ့ တိုက်ကြိတ် သတ်ဖြတ် ချေမှုန်းခဲ့တဲ့ မြေနီကုန်း အရေးအခင်းတွေနဲ့ တဆင့်ပြီးတဆင့် စိန်ခေါ် အံတုခဲ့တယ်။
ဒီလို ကျောင်းသား ပြည်သူတွေရဲ့ အံတုမှုတွေကြောင့် ၁၉၈၈ ဇူလိုင်လ ၂၅ ရက်နေ့မှာ ဦးနေဝင်း ပါတီဥက္ကဋ္ဌအဖြစ် နုတ်ထွက်ပေးခဲ့ရသလို ၂၆ ရက်နေ့မှာ ဦးစန်းယုလည်း သမ္မတအဖြစ်က နုတ်ထွက်ပေးခဲ့ရတယ်။ ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ ကမ္ဘာကျော် ရန်ကုန်က သားသတ်သမား စိန်လွင် ပါတီဥက္ကဋ္ဌနဲ့ နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့တယ်။ နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးထွန်းတင်က ဝန်ကြီးချုပ်နဲ့ ဒေါက်တာမောင်မောင်က နိုင်ငံတော် ပြည်သူ့ဥပဒေအကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌတို့ ဖြစ်လာကြတယ်။
ဒီနောက်မှာတော့ တိုင်းရင်းသားပြည်သူ တရပ်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန် အုံကြွခဲ့ကြတဲ့ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ဖြစ်တယ်။ ဩဂုတ်လ ၂၂ ရက်နေ့ ပါတီဥက္ကဋ္ဌနဲ့ သမ္မတ ရာထူးသက်တမ်း တလတောင် မပြည့်သေးတဲ့အချိန်မှာ စိန်လွင် နုတ်ထွက်ပေးခဲ့ရပြီး ဒေါက်တာမောင်မောင် တက်လာတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒုတိယမြောက် ရက်ပိုင်းသာ အုပ်ချုပ်ခဲ့ရသူ၊ ပြည်သူအားနဲ့ သားသတ်သမားတဦးကို ရက်ပိုင်းအတွင်း ရာဇပလ္လင်ပေါ်က ဖယ်ရှားခံရသူ စိန်လွင် အဖြစ် မှတ်တမ်းဝင်သွားရတယ်။ (ကုန်းဘောင်ခေတ်မှာ ၇ ရက်သာ နိုင်ငံကို အုပ်ချုပ်ခွင့်ရခဲ့တဲ့ ဖောင်းကားစား မောင်မောင် ဆိုတာ ရှိခဲ့ဖူးတယ်။)
၁၉၈၈ မဆလပါတီ ပြည်သူ့လွှတ်တော် အစည်းအဝေးက ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြည်သူလူထုကို ပျားရည်နဲ့ ဝမ်းချခဲ့ပေမဲ့ ပြည်သူက မဆလပါတီ ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေးနဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးတို့ကိုသာ တောင်းဆိုပြီး လူထု ဆန္ဒပြပွဲတွေ တောင်ပေါ် မြေပြန့် အနှံ့ ခြိမ့်ခြိမ့်သဲသဲ ဆက်လက် ဆင်နွှဲခဲ့ကြတယ်။ ဒါကြောင့်ပဲ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော် ငြိမ်/ပိ အနေနဲ့ တိုင်းပြည်အာဏာ အရပ်ရပ်ကို ဒုတိယအကြိမ် သိမ်းယူလိုက်တော့တယ်။ ဒီလိုနဲ့ မဆလပါတီ ပြည်သူလူထု ဆန္ဒပြပွဲတွေအောက်မှာ ဇာတ်သိမ်းသွားရတယ်။
မဆလသည် ကြံဖွတ်ကဲ့သို့ စစ်တပ်ပါတီ ဖြစ်ခဲ့သည်တကား
၁၉၆၂ စစ်တပ် အာဏာသိမ်းပြီး ဇူလိုင် ၄ ရက်မှာ အရပ်သားအသွင်ဟန်ဆောင်ဖို့ မဆလကို ဖွဲ့တယ်။ လှည့်စားမှုဟာ ၁၉၈၈ ခုနှစ်မှာ ဗူးပေါ်သလို ပေါ်သွားတယ်။ ဇာတ်သိမ်းတယ်။ နောက်ပိုင်း စစ်တပ်ပါတီ တစညကို ဖွဲ့တယ်။ မဆလကနေ အမည်ပြောင်းတာကို သိတော့ လူထုက လက်မခံဘူး။ ဒီတော့ ပြည်ခိုင်ဖြိုး (ကြံ့ဖွတ်ကို) ဖွဲ့ပြန်တယ်။ ကြံ့ဖွတ်လည်း ၂၀၂၀ ရွေးကောက်ပွဲ ရှုံးပြန်တော့ မင်းအောင်လှိုင်က အာဏာပြန်သိမ်းတာပါပဲ။ သမိုင်းတကွေ့ အသိတွေအရ ဒီနေ့ဟာ မဆလပါတီ စဖွဲ့တဲ့နေ့ ဖြစ်ပေမဲ့ သူ့နေ့ကို ပြောချင်တာမဟုတ်ဘဲ ပါတီလို့ ဆိုတိုင်း ပြည်သူ့အတွက် မဟုတ်ဘူးဆိုတာ သိစေဖို့ပါ။ နိုင်ငံရေးပါတီလို့ ပြောနေသော်ငြား လူထုအတွက် မလုပ် စစ်တပ်အတွက်သာ လုပ်တဲ့ မဆလပါတီလို့ ပြောချင်တာလေ။ အခုလည်း စစ်တပ်က ကြံ့ဖွတ်ပါတီကို မဲနိုင်အောင်လုပ်ဖို့ ၂၀၂၅ ရွေးကောက်ပွဲကို ပြင်ဆင်နေပြီပေါ့။ အတင်းအကျပ် မဲမပေးမနေရ လုပ်မယ်။ မည်းလည်းဖြူ ဖြူလည်းဖြူ လုပ်မယ်။ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီနိုင်အောင် လုပ်ပြီး စစ်အာဏာကနေ ကြံ့ဖွတ်ပါတီကို လွှဲပေးမှာပါ။ မဆလဟာ ပါတီမဟုတ် စစ်တပ်သာပါ။ အလားတူ ကြံ့ဖွတ်ဟာ ပါတီမဟုတ် စစ်တပ်သာ ဖြစ်ပါတယ်။ စစ်တပ် ကြံ့ဖွတ် မဆလ အားလုံးကို ရှင်းလင်းရမှာပါ။ မဆလတော့ ရှင်းသွားပြီ။ စစ်တပ်နဲ့ ကြံ့ဖွတ်ကို အပြတ်ရှင်းဖို့က ပြည်သူတရပ်လုံး တာဝန်သာပါ။
“မဆလ” ဟာ၊ ပါတီပါဟု
လိမ်ညာအုပ်ချုပ်၊ မင်းလုပ်ခဲ့သလို
“ကြံ့ ဖွံ့” ကိုလည်း၊ မဲ အနိုင်ခိုင်း
ထင်တိုင်းလုပ်ရန်၊ စစ်တပ်ကြံနေ
လုပ်ဟန်အဟောင်း မြင်နေကြောင်းပါ။ ။