
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ငဝန်မြစ်ရေ တိုက်စားမှုဒဏ်ကြောင့် ကားလမ်းပေါ်အထိ ကမ်းပါးပြိုကျမှု ဖြစ်ပွားလာတဲ့အတွက် ကားတွေ သွားမရတော့တာကြောင့် လမ်းပိတ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၁၄ ရက်က စတင်ပြီး ငဝန်မြစ်ရေ တိုက်စားမှုဒဏကြောင့် အင်္ဂပူမြို့နယ် ကညင်တပင်ကျေးရွာက မိုင်တိုင် အမှတ် ၇/၄ နဲ့ ၇/၆ အကြား အင်္ဂပူ-ညောင်ကျိုး ဆက်သွယ်ထားတဲ့ ကားလမ်းကို ပိတ်ထားရတာလို့ ဆိုပါတယ်။
ညောင်ကျိုး ဒေသခံတယောက်က “ကားတွေဆို ဘယ်ကားမှ သွားမရတော့လို့ ပိတ်ထားတာတဲ့။ အန္တရာယ်ရှိတာပေါ့နော်။ ကားလမ်းပေါ်အထိ ကမ်းပါးပြိုကျနေတာ။ ဆိုင်ကယ်တွေကတော့ မစီးဘဲ တွန်းသွားရင် ရသေးတယ်။ ပြင်တာလည်း မတွေ့သေးဘူး” လို့ ပြောပါတယ်။
ငဝန်မြစ်ရေ တိုက်စားလာမှုကြောင့် ကားလမ်းအကျယ်ရဲ့ အကျယ် ၆ ပေလောက်အထိ ကမ်းပါးမြေသားတွေ မြစ်ထဲ မျောပါခဲ့ပြီး ကားတွေ ညောင်ကျိုး-အင်္ဂပူလမ်းက သွားမရတာကြောင့် လမ်းခရီးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံ ကုန်ကားသမား တယောက်က “ဒီနေ့အထိတော့ ပြုပြင်တာ မတွေ့ရသေးဘူး။ ခက်တာက တခြားလမ်းတော့ ရှိပေမဲ့ အချိန်တော်တော်ပေးရတာ။ ကုန်စည်သယ်ယူရေးအတွက် အဓိက ခက်ခဲနေတာ။ အရင်က အင်္ဂပူ-ညောင်ကျိုးလမ်းကနေသွားရင် မိနစ် ၃၀ အချိန်ပေးခဲ့ရရင် အခုအချိန် ၁ နာရီခွဲလောက် ပေးရတာ” လို့ ပြောပါတယ်။
အဲဒီကမ်းပါးပြိုကျနေတဲ့ လမ်းကနေ ကားတွေ လုံးဝသွားမရတာကြောင့် ကားကြီးတွေ၊ ကားငယ်တွေဟာ မဲဇလီ ကုန်း-ဆင်သေ-အိုးကွဲ-အင်းကောက်လမ်းကနေ ကွေ့ပတ် သွားလာနေရတယ်လို့ ဆိုပါတယ်။
လက်ရှိ ကမ်းပါးပြိုကျနေတဲ့ ကညင်တပင်ကျေးရွာဟာ လူနေအိမ်ခြေ ၈၀၀ ကျော်အထိရှိပြီး အင်္ဂပူမြို့ပေါ် ကို သွားရာမှာ အင်္ဂပူ-ညောင်ကျိုးလမ်းကို အဓိကအသုံးပြုနေကြတာလို့ ဆိုပါတယ်။