
ကမ္ဘောဒီးယားလို့ ထည့်သွင်းမရည်ညွှန်းဘဲ နိုင်ငံခြားလုပ်သားတွေကို သူတို့တိုင်းပြည်ကို ပြန်ပို့တဲ့ မူဝါဒမျိုး ထိုင်းနိုင်ငံမှာ မရှိပေမဲ့ ပြန်ချင်လည်း ပြန်နိုင်တယ်လို့ ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က ပြောကြားလိုက်ပါတယ်။
အစိုးရဟာ တိုင်းပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ပြန်ပို့မှာမဟုတ်ဘဲ အိမ်ပြန်ခြင်း၊ မပြန်ခြင်းက သူတို့သဘောထားပဲလို့ ဝန်ကြီးချုပ်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“ဒါပေမဲ့ ဘယ်နိုင်ငံမဆို သူတို့အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်လို့ ပြန်ခေါ်ချင်တယ် ဆိုရင်တော့ သူတို့တိုင်းပြည်ရဲ့ တာဝန်ယူမှုအရ သူတို့မှာ ဆုံးဖြတ်ဖို့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ရှိပါတယ်” လို့ ရေးထားပါတယ်။
ကမ္ဘောဒီးယားအစိုးရက သူ့နိုင်ငံက အလုပ်သမားတွေ တိုင်းပြည်ပြန်လာဖို့ တောင်းဆိုမှုအပေါ် ထိုင်းဘက်က တုံ့ပြန်ချက်ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ကမ္ဘောဒီးယားက စက်မှုလုပ်ငန်းတွေမှာ အလုပ်သမားတွေ လိုအပ်နေဆဲဖြစ်ပြီး ထိုင်းက ကမ္ဘောဒီးယား အလုပ်သမားတွေ ပြန်လာရင်လည်း အလွယ်တကူ လက်ခံပေးနိုင်တယ်လို့ ပြီးခဲ့တဲ့အပတ်က မှတ်ချက်ပေးခဲ့ပါတယ်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်က နေရာ ၄ ခု ပိုင်နက်အငြင်းပွားမှုဖြေရှင်းဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကို ကမ္ဘောဒီးယားဘက်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လျှောက်ထားခဲ့ပါတယ်။ ဒီကိစ္စကြောင့် နှစ်နိုင်ငံ ရေရှည်တင်းမာနိုင်တယ်လို့ ဟွန်ဆန်က မျှော်လင့်ထားပါတယ်။
အခြေအနေ ပိုဆိုးလာရင် နယ်စပ်ကနေ ကမ္ဘောဒီးယားအလုပ်သမားတွေ ပြန်ခေါ်ဖို့ ဘတ်စ်ကား ၄၀၀ ပါ အဆင်သင့်ပြင်ထားတယ်လို့ ဆိုပါတယ်။
Source: Reuters