
တရုတ်ကုန်တင်ကားတွေဟာ လားရှိုးထိအပြင် မန္တလေးအထိပါ ဝင်ရောက်ပြေးဆွဲလာတာကြောင့် ကုန်ကားမောင်းသူတွေ အခက်တွေ့နေကြရကြောင်း ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ကုန်တင်ယာဉ်ပိုင်ရှင်တယောက်က “တရုတ်ကားတွေက တရုတ်နံပါတ်နဲ့ ချင်းရွှေဟော်ကနေ လားရှိုးအထိ ဝင်တာ။ မဖြစ်သင့်ဘူး။ တချို့ဆိုရင် တရုတ်ကားကို နံပါတ်ပြောင်းပြီးတော့ မန္တလေးထိကို ဝင်လာတာ” လို့ ပြောပါတယ်။
ကုန်ကားတွေကတော့ ချင်းရွှေဟော်နဲ့ ကျင်စန်းကျော့ နယ်စပ်ဂိတ်တွေကနေ တောက်လျှောက် ထွက်နေတယ်လို့ သူက ပြောပါတယ်။
လားရှိုးဒေသခံတယောက်က “တရုတ်ကား အများကြီးဝင်တယ်။ ဒီမှာလည်း တရုတ်ပစ္စည်းတွေပဲ များတာ။ တခြားပစ္စည်းတွေက မရောက်ဘူး။ တရုတ်ကားတွေ တိုက်ရိုက်ဝင်တာ ဟုတ်တယ်” လို့ ပြောပါတယ်။
တရုတ်ကုန်တွေ တင်ပြီး ဝင်လာတဲ့ ကုန်ကားကြီးတွေ တန်းစီနေတာတွေ တွေ့နေရတယ်လို့ သူက ပြောပါတယ်။
တရုတ်ကားတွေ တိုက်ရိုက် ဝင်ရောက်ပြေးဆွဲလာတာကြောင့် ပုံမှန် နေ့တိုင်း ကုန်တွေရပေမဲ့ လက်ရှိမှာတော့ ကားငယ်နဲ့တောင် တပတ်မှ နှစ်ခေါက်လောက်ပဲ ရတော့တယ်လို့ သူက ထပ်ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ ထိန်းချုပ်နေတဲ့ မူဆယ်မြို့ပေါ်ရှိ ဆင်ဖြူဂိတ်၊ MNDAA ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့ဂိတ်၊ ချင်းရွှေဟော်ဂိတ် စတဲ့ တရုတ်နယ်စပ်ဂိတ်တွေကနေ တရုတ်ကုန်စည်တွေ မြန်မာဘက် ဝင်နေတာ ဖြစ်ပါတယ်။