
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုက တပူးထိုကျေးရွာမှာ စစ်ကောင်စီဩဇာခံ PNO ပြည်သူ့စစ်တွေ တပ်စွဲထားပြီး ခုလက်ရှိမှာတော့ လူအိမ်တွေကို မီးပြန်ရှို့နေတယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ဇွန် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
တပူးထိုရွာမှာ PNO ပြည်သူ့စစ်တွေ တပ်စွဲထားတာ ၄ လလောက်ရှိနေပြီး ဇွန် ၁၂ ရက် ညမှာ ရွာထဲကအိမ်တွေကို မီးရှို့တာ ဇွန် ၁၃ ရက်အထိ မီးလောင်နေကာ နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
PNLO ပြန်ကြားရေးတာဝန်ခံက “ရွာသားတွေကို မောင်းထုတ်ပြီး မကြာဘူး မီးရှို့လိုက်တာပေါ့နော်။ ကံကောင်းတာက မီးရှို့ပြီး နောက်ရက်လည်း မိုးရွာတယ်၊ ပြီးတော့ အိမ်တွေကလည်း တအိမ်နဲ့တအိမ် အရမ်းကပ်တာမျိုး မဟုတ်ဘူးပေါ့နော်။ အဲဒီတော့ သက်သာသွားတယ်။ မဟုတ်ရင် ရွာလုံးကျွတ်ပါသွားတာမျိုး ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် နောင်ကျော်ကျေးရွာက တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာနဲ့ တောင်ရှေ့ကျေးရွာအုပ်စုက နောင်ထော် ၆ ရွာ၊ ကလားလမ်ရွာက ပြည်သူ ၆,၀၀၀ ကျော်ကို ဇွန် ၁၅ ရက် နောက်ဆုံးထားပြီး ကျေးရွာအတွင်းကနေ ထွက်သွားရမယ်လို့ မောင်းထုတ်ခဲ့တာပါ။
“အခုချိန်က တောင်ယာလုပ်ရမယ့်အချိန်ပေါ့၊ စိုက်ရပျိုးရမယ့်အချိန်မှာ မစိုက်ပျိုးရဘဲ ဒီလို ရာသီဥတုမှာ ရွာထဲကနေ မောင်းထုတ်ခံရပြီး တောထဲမှာ ပြောင်းရွှေ့နေရတာမျိုးလည်း ရှိတယ်။ တောထဲမှာ နေရေးထိုင်ရေးကအစ အစစအရာရာ ခက်ခဲနေရတာပေါ့နော်။”
ခုလက်ရှိမှာ ကျေးရွာတွေထဲက မောင်းထုတ်ခံရတဲ့ ပြည်သူ ၆,၀၀၀ ကျော်ဟာ နီးစပ်ရွာ မိသားစု ဆွေမျိုးအိမ်တွေ၊ တောတောင်တွေထဲ တိမ်းရှောင်နေရတာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲတွေရှိနေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။