
တရုတ်နိုင်ငံဟာ ဓာတ်ရောင်ခြည်ကုထုံးမှာသုံးတဲ့ အိုင်ဆိုတုပ်ဖြစ်တဲ့ ယေထရီယံ-၉၀ ကို စီးပွားဖြစ် ဓာတ်ပေါင်းဖိုတွေမှာ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် ထုတ်လုပ်နိုင်ခဲ့တယ်လို့ တရုတ်အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်း (CNNC) က ဇွန် ၁၅ ရက်မှာ ထုတ်ပြောလိုက်ပါတယ်။
ကျဲ့ကျန်းပြည်နယ်က CNNC ရဲ့ ချင်းရှန်း နျူကလီးယားစွမ်းအင် အခြေစိုက်စခန်းက ဓာတ်ပေါင်းဖိုမှာ ဓာတ်ရောင်ခြည်ဖြာထွက်တဲ့ ယေထရီယံ-၉၀ ဖန်မိုက်ခရိုစဖီးယားတွေဟာ သက်ဆိုင်ရာ စမ်းသပ်ချက်တွေ အားလုံးကို အောင်မြင်ပြီး အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုအတွက် လမ်းခင်းထားပါတယ်။
ယေထရီယံ-၉၀ ဖန်သား မိုက်ခရိုစဖီးယားတွေကို အဓိကအားဖြင့် ယေထရီယံ-၈၉ ကနေ ထုတ်လုပ်ထားပြီး နျူထရွန် ဓာတ်ပေါင်းဖိုတခုက နျူထရွန်တွေကို စုပ်ယူပြီးတဲ့နောက် ရေဒီယိုသတ္တိကြွ ယေထရီယံ-၉၀ အဖြစ် ပြောင်းလဲခဲ့ပါတယ်။
မိုက်ခရိုစဖီးယားတွေကို ဘီတာရောင်ခြည်ထုတ်လွှတ်တဲ့ ရေဒီယိုသတ္တိကြွဆေးအဖြစ် သုံးပါတယ်။
သွေးကြောဆိုင်ရာ စွက်ဖက်မှု နည်းပညာတွေကို သုံးခြင်းအားဖြင့် ယေထရီယံ-၉၀ မိုက်ခရိုစဖီးယားတွေဟာ အသည်းအကျိတ်တွေကို ကုဖို့ အသည်းရဲ့ သွေးကြောတွေဆီ ပို့ဆောင်ပေးပြီး အနည်းဆုံး ထိုးဖောက်ဝင်ရောက်တဲ့ လုပ်ငန်းစဉ်တရပ်ကို ဖြစ်ပေါ်စေပါတယ်။
ဓာတ်ပေါင်းဖိုကနေ ထွက်လာတာနဲ့ တပြိုင်နက် ယေထရီယံ-၉၀ ကို အပလီကေးရှင်း အဆင့်မဝင်မီ သုတေသီတွေက သေသေချာချာ စစ်ဆေးရမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ချင်းရှန်း နျူကလီးယားစွမ်းအင် အခြေစိုက်စခန်းက စီးပွားဖြစ် အကြီးစား ရေဓာတ်ပေါင်းဖိုဟာ ယေထရီယံ-၉၀ ကို ထုတ်လုပ်ဖို့ ထူးခြားတဲ့ အားသာချက်တွေကို ပေးတယ်လို့ အင်ဂျင်နီယာတွေက ပြောပါတယ်။
“စီးပွားဖြစ် အကြီးစားရေဓာတ်ပေါင်းဖိုမှာ အတော်လေးမြင့်မားတဲ့ နျူထရွန်အတက်အကျရှိပြီး တည်တည်ငြိမ်ငြိမ် လည်ပတ်နိုင်ပါတယ်။ အူတိုင်ရဲ့ အသက်ဝင်မှုဇုန်က အရမ်းကြီးပါတယ်။ ယေထရီယံ-၉၀ ထုတ်လုပ်ဖို့ ဒီဓာတ်ပေါင်းဖိုအမျိုးအစားကို သုံးပြီး ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မှု၊ ကုန်ကျစရိတ် လျှော့ချနိုင်မှု၊ ထောက်ပံ့မှု ပေးဆောင်နိုင်မှု စတဲ့ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်” လို့ ချင်းရှန်း နျူကလီးယားစွမ်းအင် အခြေစိုက်စခန်းက လက်ထောက်အင်ဂျင်နီယာချုပ် လီရှိရှန်က ပြောပါတယ်။
Source: Reuters