အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ဒေသစံတော်ချိန် ဇွန် ၁၄ ရက်က ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက သတင်းထုတ်ပြန်ပါတယ်။
ဂီတဖျော်ဖြေပွဲကို အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဦးဆောင်ဖျော်ဖြေခဲ့ပြီး ဝါရင့် အဆိုတော် တူးတူးလည်း ပါဝင်အားဖြည့်ခဲ့ပါတယ်။
ရောင်နီ Live in Francisco ပွဲမစတင်ခင်မှာ Art of Universe ၊ The Way ၊ Rhythum ပွဲတို့မှ ရရှိခဲ့တဲ့ ရန်ပုံငွေတွေ၊ ရောင်နီ မယ်ရီလန်းနဲ့ဘော်စတွန်တို့က ရခဲ့တဲ့ ရန်ပုံငွေတွေကို မြေပြင်ကိုပို့ဆောင်ခွဲဝေတာ အကောင်အထည်ဖော်နေတာတွေကို အဆိုတော်လင်းလင်းက Slide Show နဲ့ ပရိသတ်တွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ရောင်နီ Live in Francisco ပွဲမှာ ကီးဘုတ် Elvin၊ တယော Emily၊ ဘေ့စ်ဂစ်တာ Kaw Hmue၊ ဒရမ် လင်းထက်၊ လိဒ်ဂစ်တာ Oliver၊ Piano စိုးမိုးနဲ့ စောင်း Ma Su Wai တို့က အားဖြည့်တီးခတ်ပေးခဲ့ပါတယ်။
ဇွန် ၂၈ ရက်မှာ ရောင်နီ Live in Florida ကို Orlando မြို့၊ ဇူလိုင် ၁၉ ရက်မှာ ရောင်နီ Live in Texas ကို Bastrop မြို့တွေမှာ ဆက်လက်ပြုလုပ်သွားဖို့ရှိနေပါတယ်။
ရလာတဲ့ ရန်ပုံငွေတွေထဲက အကျိုးအမြတ်အားလုံးကို ရောင်နီ U.S Tour မူလရည်ရွယ်ချက်တွေအတိုင်း တော်လှန်ရေးမိသားစုတွေရဲ့ ပြန်လည်ထူထောင်ရေး၊ ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူမိသားစုတွေ၊ CDM မိသားစုတွေနဲ့ Activists မိသားစုတွေ၊ နိုင်/ကျဉ်းမိသားစုတွေကို ပထမဦးစားပေးအနေနဲ့ အကူအညီပေးသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒုတိယဦးစားပေးအနေနဲ့ မြေပြင်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ပညာရေးစရိတ် ပို့ဆောင်တာ၊ တောင်ပေါ်မြေပြန့် ဒေသစုံက တန်းတူ လူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် အမြန်ဆုံး ပို့ဆောင် ကူညီသွားမယ်လို့ သိရပါတယ်။