
ဂျပန်နိုင်ငံ ချီဘားစီရင်စုရှိ နိုဒမမြို့ Ozaki မှာ မြန်မာနိုင်ငံသား ထွန်းထွန်းဝင်း (၂၄) နှစ်ကို လူသတ်မှု ကျူးလွန်ဖို့ ကြံစည်မှုနဲ့ ရဲတပ်ဖွဲ့က ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဂျပန်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။
ထွန်းထွန်းဝင်း (၂၄) နှစ်ဟာ သေဆုံးသူအမျိုးသားနဲ့ နေအိမ်မှာ အရက်အတူသောက်ရာက စကားများရန်ဖြစ်ပွားခဲ့ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ဘယ်နိုင်ငံသားဆိုတော့ သတင်းတွေမှာ ဖော်ပြမထားပါဘူး။
စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးခံရသူ ထွန်းထွန်းဝင်းက ဓားနဲ့ထိုးခဲ့ကြောင်း ဝန်ခံခဲ့ပေမဲ့ သတ်ဖို့ ရည်ရွယ်ချက်မရှိကြောင်း တစိတ်တပိုင်းငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်ကလည်း ဟီရိုရှိမားမြို့လမ်းမပေါ်မှာ ဆယ်ကျော်သက် ဂျပန်မိန်းကလေးငယ်တယောက်ကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ ထိခိုက်ဒဏ်ရာရစေမှုနဲ့ မြန်မာနိုင်ငံသား အလုပ်သင်အလုပ်သမားတယောက် ဖမ်းဆီးခံရခဲ့ပါသေးတယ်။
ဂျပန်နိုင်ငံရှိ မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ က “လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေကြောင့် ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံသားတွေအပေါ် သီးသန့်နေထိုင်ခွင့် အခြေအနေတွေ ဖန်တီးပေးထားရာ အခုလို ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ရာဇဝတ်မှုတွေ ဖြစ်ပွားလာနေတာက ကောင်းမွန်တဲ့ အနေအထားမဟုတ်ဘူး” လို့ ပြောပါတယ်။
Photo-NHK News
ဇော်ဇော်လှိုင်