
ထိုင်းနယ်စပ်၊ ကရင်နီပြည်ထဲက ရွာတရွာမှာ အင်တာနက်ဆိုင်ကို ညအချိန် အင်တာနက် မပိတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်ရှင်အမျိုးသမီးအပါအဝင် ၃ ယောက်ကို လက်နက်ကိုင် လူတစုက ပါးရိုက်သွားတယ်လို့ ဖြစ်စဉ်ကို သိသူတွေက ပြောပါတယ်။
ဇွန်လ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်လောက်မှာ ဆိုင်ထဲကို လက်နက်ကိုင်ဆောင်ထားသူ ၆ ယောက်၊ ၇ ယောက်လောက် ဝင်လာပြီး ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်ကို ကြားသိရတဲ့သူတယောက်က “ဖြစ်တဲ့ညက ရုန်းရင်းဆန်ခတ်ဆိုတော့ ဘေးပတ်ဝန်းကျင် တော်တော်များများ ကြားတယ်။ ရာထူးကြီးတယောက်က တော်တော်မူးနေတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဘာလို့ ပါးရိုက်တာလဲ ဆိုတော့ Wifi မပိတ်လို့တဲ့။ မပိတ်တာ ကောင်းကောင်းပြောလို့ရတာကို ကြည့်မရလို့တဲ့” လို့ ပြောပါတယ်။
နှစ်ယောက်က ပါးရိုက်ခံရလို့ သွေးပါထွက်ပြီး တယောက်က တုတ်နဲ့ရိုက်ခံရတယ်လို့ သိရပြီး လက်နက်အားကိုးပြီး အနိုင်ကျင့်တာမျိုး မဖြစ်သင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ည ၁၀ နာရီအချိန်မှာ အင်တာနက်ကို ပိတ်ရမယ်လို့ သတ်မှတ်ထားပြီး အချိန်ကျော်တဲ့အထိ မပိတ်တာကြောင့် အခုလို ရိုက်နှက်ခဲ့တာလို့ လက်နက်ကိုင်လူစုက ပြောကြောင်းလည်း ဆိုပါတယ်။
အရိုက်ခံရသူတွေက Kpay ငွေသွင်းငွေထုတ် လုပ်ကိုင်တာ၊ စက်ပစ္စည်းရောင်းဝယ်တာ၊ Star link အင်တာနက်ဆိုင်ဖွင့်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားသူတယောက် ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တို့ကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူတို့ မသိသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။